မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ရပ်ရှိ နွားပွဲဈေးမှ နတ်မောက်သို့ပြန်လာသော ခြောက်ဘီးကုန်တင်ယာဉ်တစ်စီး အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းက မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းပေါ်တွင် တိမ်းမှောက်ခဲ့ရာမှ အမျိုးသားကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိတ္ထီလာခရိုင် ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့ခံလူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရသည်။
နတ်မောက်မြို့နယ် ကျောင်းကုန်းကျေးရွာအုပ်စု ပင်ပေါက်ကန်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးသောင်းရွှေ မောင်းနှင်လာသော အဆိုပါကုန်တင်ယာဉ်သည် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် (၅/၅) နှင့် (၅/၆) အကြားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်မှောက်မှုကြောင့် အသက် ၃၈ နှစ်မှ ၅၈ နှစ် အရွယ်ကြားရှိ အမျိုးသားကိုးဦး ဒဏ်ရာရရှိသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။
၎င်းတို့အနက် ဒဏ်ရာပြင်းထန်သည့် အမျိုးသားသုံးဦးကို မန္တလေးဆေးရုံ ကြီးသို့ပို့ပေးထားကြောင်း ဒဏ်ရာရသူများကို ကူညီပေးနေသည့် ရှမ်းတဲမေတ္တာလူမှုရေးအသင်းမှ ဦးစံလှဘော်က ပြောဆိုသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဦးသောင်းရွှေကို မိတ္ထီလာမြို့မရဲစခန်းက ယာဉ် (ပ) ၆၄/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ (နာကျင်စေမှု)/၃၃၈ (အပြင်းအထန်နာကျင်စေမှု)/၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု) တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice







0 comments:
Post a Comment