ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်း ဘေးရှိ ကွေ့ထောင့်ကျေးရွာ ယခုမြစ်ရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ဖြစ်ပေါ်ကာ နေအိမ်ရှစ်လုံး ရွှေ့ပြောင်းထားရပြီး ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ သိရသည်။
ကွေ့ထောင့်ကျေးရွာမှာ ပြီးခဲ့သည့် နှစ်များတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၃၆ လုံး ရွှေ့ပြောင်းထားရပြီး ယခုနှစ်တွင် ထပ်မံရွှေ့ပြောင်းရခြင်းကြောင့် ရေတိုက်စား၍ ရွှေ့ပြောင်းရသည့် နေအိမ် ၄၄ လုံးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ မြစ်ကမ်းပါးမှာ ကျေးရွာ၏ ထက်ဝက်ခန့်ထိ ရောက်ရှိလာသည့်အတွက် ရွှေ့ပြောင်းရသည့် အိမ်များအား အနီးနား ယာမြေများတွင် မြေငှားခပေး၍ နေထိုင်နေ ရပြီး ရေလွှဲရေကာ လုပ်ဆောင်နိုင်ခြင်း မရှိပါက ကျေးရွာလုံးကျွတ် ရွှေ့ပြောင်းရနိုင်ကြောင်း သိရသည်။
“လက်ရှိကမ်းပြိုမှုက အတော်လေး ဆိုးပါတယ်။ ပြိုလာတာလည်း ကြာပြီဆိုတော့ ကမ်းပါးက ရွာလယ်ထိ ရောက်လာပြီ။ ထပ်ရွှေ့စရာ မြေပိုင်မရှိကြတော့ဘူး။ ရွှေ့ထားရတဲ့ အိမ်တွေကလည်း သူများကျေးရွာပိုင်နယ်တွေထဲ သွားဆောက်ထားပြီး နေရတယ်။ တချို့လည်း နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ကပ်နေရတယ်။ ကမ်းပြိုကာကွယ်ရေး အခိုင်အမာ ရအောင် ကြိုးစားပေးသွားမယ်။ ဒီကမ်းပြိုမှုကို မကာကွယ်နိုင်ဘူးဆိုရင် ကျေးရွာတစ်ရွာလုံး အချိန်တစ်ခုအတွင်းမှာ ကုန်သွား နိုင်တယ်။ စာသင်ကျောင်းဆို ဆောက်ပေးထားတာ မကြာသေးဘူး။ အဲဒီကျောင်းပါ မြစ်ထဲပါမယ့် အခြေအနေထိ ဖြစ်နေတယ်။ မြစ်/ချောင်းဖြိုးဌာနကို ဒီအခြေအနေ အသိပေးပြီး အကာအကွယ်တွေရအောင် ကြိုးစားသွားမယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးတင်ဌေးအောင်က ပြောကြားသည်။
ကွေ့ထောင့်ကျေးရွာမှာ ၁၉၈၈ ခုနှစ် မှစ၍ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ဖြစ်ပေါ်ကာ ရွာမြေဧက ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာမှာလည်း ၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ခုနစ်ကြိမ်ခန့် ရွှေ့ ပြောင်းခဲ့ရကြောင်း ဒေသခံများကဆိုသည်။
“ဦးတို့က မြေမရှိတော့ စိုက်ပျိုးမြေမှာ အိမ်ဆောက်နေရတဲ့အတွက် ပြဿနာတွေ ဖြစ်ကြသေးတယ်။ နောက်နှစ်ဦးနှစ်ဖက် ညှိယူရတယ်။ လက်ရှိ ရွာက ၂၀၀၇ ခုနှစ်ကမှ တည်နိုင်တယ်။ အကြိမ်ကြိမ်အိမ်တွေ ရွှေ့ခဲ့ကြတော့ ရွာလည်းပင်ပန်းလှပြီ။ အခု တစ်ခါ ကမ်းဆက်ပြိုလို့ ရွှေ့ရရင် ရွှေ့စရာမြေ မရှိတော့ဘူး။ ဒီနေရာလေးမှာပဲ မရွှေ့ရအောင် ရေကာတန်းတွေ ရိုက်ပေးရင်တော့ တစ်ရွာလုံးက ၀မ်းသာကြမှာပါ” ဟု ကွေ့ထောင့်ရွာသားတစ်ဦးက ပြောကြားသည်။
ကွေ့ထောင့်ကျေးရွာဒေသခံများမှာ ကမ်းပြိုမှုကြောင့် စိုက်ပျိုးမြေများ ဆုံးရှုံးသွားသည့်အတွက် ရေလုပ်ငန်းနှင့် အနီးနားကျေးရွာများရှိ တောင်သူများ၏ စိုက်ခင်းများတွင် နေ့ စားလုပ်သားများအဖြစ် အသက်မွေးကြောင်း ပြုရကြောင်း သိရသည်။
ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသည့် ကွေ့ထောင့်ကျေးရွာ ဒေသခံများအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန နေအိမ် ရွှေ့ပြောင်းစရိတ် တစ်သိန်းနှင့် ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။
ကွေ့ထောင့်ကျေးရွာ၏ အထက်ဖက်ရှိ ဗလဗကျေးရွာမှာလည်း ကမ်းပြိုမှုကြောင့် နေအိမ် ၇၀ နီးပါး ရွှေ့ပြောင်း ထားရပြီး ကမ်းပြိုမှုဆိုးရွားနေသည့်အတွက် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင်း ကမ်းပြိုမှု ကြုံတွေ့ နေရသည့် ကျေးရွာများတွင် လူနေအိမ်များ ရွှေ့ပြောင်းရသည့်အပြင် စိုက်ပျိုးမြေ အများ အပြား ပြိုကျပျက်စီးခဲ့သည့် အတွက် လုပ်စား မြေရှားပါးမှုပါ ကြုံတွေ့လာရပြီး ရွာရှိလူငယ်များ နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်မှု မြင့်တက်လာကြောင်း သိရသည်။
သက်ထိန်ဝင်း
Eleven Media Group

No comments:
Post a Comment