Wednesday, October 3, 2018

တိုင်းပြည်၏မှုံမိုင်းနေသော နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို မိမိတို့အနိုင်ရရှိပါက ပိုမိုတောက်ပစေရန် ချက်ခြင်းဆောင်ရွက်ပေးချင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား




ယနေ့ တိုင်းပြည်၏မှုံမိုင်းနေသော နိုင်ငံရေး၊ စီးပွားရေး၊လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကို ရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရရှိပါကချက်ခြင်းတောက်ပအောင်ဆောင်ရွက်ပေးချင်ကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။ 

ယနေ့ ( အောက်တိုဘာလ ၃ရက်နေ့)ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့နယ်တွင် ပြုလုပ်သည့်လူထုတွေ့ဆုံပွဲတွင် ဦးသန်းဌေးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

" ဒီနေ့မြန်မာနိုင်ငံသားတွေ ဟောဒီချင်းလူမျိုးတွေအပါအ၀င် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ လုံခြုံရေး အခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေအကုန်လုံးဟာ မှုံမိုင်းမိုင်းဖြစ်နေတယ်။ အဲဒါနားလည်လားခင်ဗျာ။ အဲဒီအနာဂတ်ကို ကျွန်တော်တို့အနိုင်ရရင် ဟောဒီပုဂ္ဂိုလ် ဦးမနားနိုင်း အနိုင်ရလို့ရှိရင် ချက်ခြင်းတောက်ပအောင်လုပ်ပေးချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ကြားဖြတ်ရွေးကောက်ပွဲဝင်ပါတယ်" ဟု ဦးသန်းဌေးက ပြောကြားသည်။ 

ထို့ပြင် ဦးသန်းဌေးက ၄င်းတို့သည် အစိုးရလုပ်ခဲ့ဖူးပြီးအုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံတော်ကိုတာဝန်ယူသည့်အပိုင်းတွင် ကောင်းစွာဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိကြောင်း၊ ယင်းအတွက်ကြောင့် တိုင်းပြည်ကိုစီမံခန့်ခွဲရမည်ဆိုလျှင် မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို နားလည်ခဲ့ပါသည်ဟုလည်း ထည့်သွင်းပြောကြားသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ပြုလုပ်ခဲ့သည့် လူ့ထုတွေ့ဆုံပွဲတွင်လည်း ဦးသန်းဌးက လက်ရှိအစိုးရအနေဖြင့် မိမိတို့လုပ်ခဲ့သည်များကို ရာနှုန်းပြည့် ဖြူစင်ပါသည်ဟု အာ မခံနိုင်ပါသလားဆိုသည်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော နောက်ကြောင်းမပြန်ရ ဥပဒေကိုလည်း ရုတ်သိမ်းဖို့ အစီစဉ်ရှိပါသလားဟူ၍ မေးခွန်းထုတ်ခဲ့သည်။ 

ယနေ့ ဦးသန်းဌေး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်သည် လာမည့် နိုဝင်ဘာလ ၃ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူလွှတ်တော်လစ်လပ် မဲဆန္ဒနယ်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးမနားနိုင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 



Photoး Chin USPD 

အောင်ရဲနောင် 
The Ladies News

No comments:

Post a Comment