Wednesday, October 3, 2018

ပဲခူးတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်


 
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် အောက်တိုဘာလ(၃)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က ပဲခူးမြို့ နာရီစဉ်ပန်းခြံရှေ့တွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်သည်။ 
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝ စသည့်မြို့ နယ်(၄)မြို့နယ်မှ စစ်မှုထမ်းဟောင်း(၂၀၀)ဦးတို့က နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ၊ မြန်မာ့တပ်မတော်ကိုအပြည့်အဝထောက်ခံသည် စသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး တစ်နာရီကြာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ 

"ဒီကနေ့ပြုလုပ်တဲ့ပွဲက ပဲခူး၊ ကဝ၊ သနပ်ပင်၊ နဲ့ ဝေါမြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်အင်အား (၂၀၀)ဦးက (ငြိမ်းစု/စီ) ဥပဒေနှင့်အညီ တပ်မတော်ကိုထောက်ခံခြင်းနဲ့ပြင်ပစွက်ဖက်လုပ်ဆောင်မှုတွေကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းသည် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်မှ ထိခိုက်စေရန်မရည်ရွယ်ပါ။ ကျွန်တော်တို့စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မိသားစုအဖွဲ့ဝင်များရဲ့တပ်မတော်အပေါ် ထားရှိတဲ့ ဆန္ဒအစစ်အမှန်ကိုလေးစားစွာဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မပြိုကွဲရေး စတဲ့ဒို့တာဝန်အရေးသုံးပါးကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးမှ အငြိမ်းစားယူခဲ့ကြသူများဖြစ်ပါတယ်။ အငြိမ်းစားယူပြီးသော်လည်း တပ်မတော်ကြီးရဲ့အရန်အင်အားအဖြစ် ခိုင်မာစွာရပ်တည်ပြီး အမျိုးသားနိုင်ငံရေး၊ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးဟာ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းသည် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)၊ ပုဒ်မ(၃၈၅)နှင့်(၃၈၆)မှာပြဌာန်းထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းထမ်းဆောင်ရန်တာဝန်ရှိတဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို နိုင်ငံသားများရဲ့ကိုယ်စား အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေသော တပ်မတော်ကြီးကို အရန်အင်အားများဖြစ်တဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ထောက်ခံအားပေးနေခြင်းဖြစ်ပါတယ်" ဟု ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဗိုလ်ကြီးလှတင်ဦး(ငြိမ်း)က ပြောကြားသည်။ 





Myanmar Update News Agency

No comments:

Post a Comment