Tuesday, October 30, 2018

ကမန်များအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းအပေါ် မှားယွင်းမှုရှိလာပါက တာဝန်ယူကြောင်း အလုပ်သမားဝန်ကြီးပြော



ကမန်များအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းအပေါ် မှားယွင်းမှုရှိလာပါက ဝန်ကြီးတစ်ဦးအနေဖြင့် တာဝန်ယူကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ 
အောက်တိုဘာ ၃၀ ရက်က နေပြည်တော်၊ M Gallery ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံအတွင်း အလုပ်တွင် ထိခိုက်မှုဆိုင်ရာ အသိအမြင်ဗဟုသုတမျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအပြီး မီဒီယာများသို့ ပြောကြားခြင်းဖြစ်သည်။ 

အဆိုပါ လုပ်ငန်းသည် သမိုင်းတွင်မည့် ကိစ္စဖြစ်သဖြင့် အမှားခံ၍ မရဟုလည်း ဝန်ကြီးက ပြောသည်။ “သေချာဖို့လိုတယ်။ ဝန်ကြီးဌာနရုံးက စိစစ်တာဖြစ်တဲ့အတွက် ဒီဟာစစ်ပြီး ဆုံးဖြတ်ပြီးရင် အတည်ဖြစ်မှာ။ ဒါက သမိုင်းတွင်မယ့်ကိစ္စဖြစ်တယ်။ အမှားခံလို့မရဘူး။ ဝန်ကြီးအနေနဲ့ တာဝန်ယူပါတယ်။ ဒီကိစ္စအားလုံးကို ရှင်းလင်ပြီးတော့မှ တစ်ဦးချင်းစီအလိုက် သူ့ကို ဘာဖြစ်လို့ ကမန်လို့ပေးရတယ်။ သူ့ကို ဘာဖြစ်လို့ ဘဂါင်္လီလို့ ပေးရတယ်။ စတဲ့ဟာကို ခိုင်မာဖို့လိုပါတယ်။ ဒါလေးကတော့ အချိန်ယူရပါမယ်။ တစ်လ၊ နှစ်လအတွင်းမှာ လူ က ၃၀ဝ၀ ကျော်ရှိတဲ့အတွက် များတယ်လို့မပြောနိုင်ပါဘူး။ ဒါ လျင်မြန်ဖို့ထက် သေချာဖို့ကို ဦးစားပေးတယ်။ ဒါ လေးကို နားလည်ဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိ မှတ်ပုံတင်ထုတ်ပေးပြီးဖြစ်သူအားလုံးသည် နိုင်ငံသားအရည်အချင်း ပြည့်မီသူများဖြစ်သော်လည်း ၎င်းတို့၏ မျိုးရိုးစဉ်ဆက် အထောက်အထားများကို လိုက်လံစိစစ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ 

“ ပြောချင်တာက အခု ထုတ်ပေးထားတဲ့ လူတွေ အကုန်လုံးက နိုင်ငံသားအရည်အချင်းပြည့်သူ အားလုံး ကို ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီထဲက ကမန်အစစ်လား။ ကမန်နဲ့ ဘင်္ဂါလီရောနေလား။ လူမျိုးကိစ္စလေးတစ်ခုသာ အသေးစိတ် စိစစ်ဖို့လိုတဲ့အတွက် တစ်ဦးချင်းစီရဲ့ အထောက်အထားစာရွက်စာတမ်း၊ အဲဒါတွေကို အသေးစိတ်ပြန်လေ့လာနေတယ်။ ဥပဒေနဲ့ ချိန်ထိုးနေပါတယ်။ သိလာတဲ့အခါမှာလည်း အားလုံးကို ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်”ဟု ဆိုသည်။ 

အဆိုပါ ကမန်များကို မှတ်ပုံတင်ထုတ်ပေးသည့် ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတော်အကြီးအကဲများက မေးခွန်းမေးမြန်းမှုများရှိနေပြီး ယင်းမေးခွန်းများကိုလည်း ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းစွာဖြင့် တင်ပြသွားမည်ဟု ဆိုသည်။ 

“ဒီကိစ္စကိုတော့ ဥပဒေနဲ့ အညီပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ နိုင်ငံ သားအဆင့်အတန်းတစ်ခုကို ရရမယ်။ မရသင့်မရထိုက်သူတွေ မရသင့်စေရပါဘူး။ ဒါ ဌာနရဲ့ရပ်တည်ချက်၊ နိုင်ငံတော်ရဲ့ရပ်တည်ချက်ပါပဲ။ အဲဒီအတိုင်းပဲဖြစ်အောင် ပွင့်လင်းမြင်သာအောင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ထုတ်ပေးပြီးသားသူတွေ တကယ်လို့များ အမှားအယွင်းဖြစ်သွားရင်တောင် သူတို့ရဲ့အထောက်အထား သူတို့ဘက်က ကာကွယ်ဖို့၊ ပြန်ရှင်းလင်းဖို့ အခွင့်အရေးပေးရမယ်။ ဆုံးဖြတ်တာကတော့ ဥပဒေနဲ့ အညီဆုံးဖြတ် တာဖြစ်ပါတယ်။ ဒါကို စိုးရိမ်စရာမရှိပါဘူးလို့ ပြောချင်ပါတယ်”ဟု ဝန်ကြီးက ဆိုသည်။

Myanmar Time



0 comments:

Post a Comment