Wednesday, October 3, 2018

ရုရှားက ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ အက်စ် - ၄၀၀ ဒုံးပျံတွေ အိန္ဒိယကိုရောင်းမည်


ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ယခုသီတင်းပတ်အတွင်း သွားရောက်မယ့် အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာ ရုရှားထုတ် အက်စ်-၄၀၀ လေကြောင်းကာကွယ်ရေး စနစ်တွေထောက်ပံ့ဖို့ ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိမ့်မယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။
ရုရှားဆီကနေ ခေတ်မီလက်နက်များဝယ်ယူခဲ့ရင် ရုရှား စစ်ဘက်နဲ့ ကာကွယ်ရေးကဏ္ဍအပေါ် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ထားတာတွေကို အိန္ဒိယနိုင်ငံက ချိုးဖောက်တာဖြစ်လိမ့်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က သတိပေးနေတဲ့ကြားက ရုရှားနဲ့အိန္ဒိယတို့က စစ်ဘက်ပစ္စည်းဝယ်ယူရေး သဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။ 

ရုရှားသမ္မတ ပူတင်အနေနဲ့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်ကြောင့် အောက်တိုဘာ ၄ ရက်ကနေ ၅ ရက်အထိ အိန္ဒိယနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက မြေပြင်မှ ဝေဟင်ပစ် အက်စ်-၄၀၀ တာဝေးပစ်ဒုံးပျံတွေ အိန္ဒိယနိုင်ငံကို ရောင်းချဖို့ ရုရှားနိုင်ငံက ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပူတင်ရဲ့ အိန္ဒိယခရီးစဉ်သွားရောက်ခြင်းရဲ့ အဓိကအကြောင်းအရင်းက အက်စ်-၄၀၀ လေကြောင်း ကာကွယ်ရေးစနစ်ကို ရောင်းချရန် သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ဖြစ်ပြီး စာချုပ်တန်ဖိုးက ဒေါ်လာ ၅ ဘီလီယံကျော်ရှိတယ်လို့ ပူတင်ရဲ့ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒ လက်ထောက် ယူရီ ယူရှာကော့ဗ် က ပြောဆိုပါတယ်။ 

ဒါပေမဲ့ ရုရှားက အိန္ဒိယနိုင်ငံကို အက်စ်-၄၀၀ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ရောင်းချတာကြောင့် အာရှမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးကြီးထွားလာမှုကို တန်ပြန်ဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ဆောင်နေတာအပြင် ရုရှားရဲ့ နည်းပညာအပေါ် အိန္ဒိယနိုင်ငံက မှီခိုတာတွေကို လျော့ချဖို့ ဆန္ဒရှိနေတဲ့ အမေရိကန်အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ 

ညီဘွား(အကုန်သိ သတင်းဌာန)

No comments:

Post a Comment