ဘင်္ဂါလီမွတ်ဆင်တွေအပေါ် စစ်တပ်ရဲ့  အပြုအမူတွေနဲ့ ပတ်သက်ပြီး ဟန့် တား ပြောဆိုဖို့  ပျက်ကွက်ခဲ့တာကြောင့်လို့ ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ကနေဒါနိုင်ငံသားကို အင်္ဂါနေ့ မှာ ရုပ်သိမ်းလိုက်တယ်လို့  CNA သတင်းမှာ ဖော်ပြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ပေးအပ်ထားမှုကနေ ပထမဆုံး ပြန်လည်ရုပ်သိမ်းခံရသူလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းရေးနဲ့ ပတ်သက်ပြီး ကနေဒါအထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် တရားဝင် ရုပ်သိမ်းမှုဖြစ်ခဲ့ပါတယ်။ ဒီဆုရုပ်သိမ်းရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကာ အတည်ပြုထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ကနေဒါနိုင်ငံသားအဖြစ် ပေးအပ်ဖို့ အတွက် ကနေဒါလွှတ်တော်နှစ်ရပ်စလုံးက ၂၀၀၇ ခုနှစ်မှာ ထောက်ခံချက် ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဘင်္ဂါလီတွေအပေါ် ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာတွေကို ရပ်တန့် ဖို့  စစ်တပ်ကို သူက ဟန့် တားပြောဆိုခြင်းမရှိခဲ့တာကြောင့် သူရဲ့  နိုင်ငံတကာ နာမည်ဂုဏ်သတင်းကျောဇောမှု မှေးမှိန်ခဲ့ရပါတယ် လို့ ဆိုပါတယ်။ ဘင်္ဂါလီတွေအပေါ် ပြုမူခဲ့မှုတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလက ဆုံးဖြတ်ချက်တစ်ခုမှာ ကနေဒါလွှတ်တော်အမတ်တွေက လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ဖော်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက လုံခြုံရေးကင်းစခန်းတွေကို ဘင်္ဂါလီအကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်ရဲ့  နယ်မြေ ရှင်းလင်းမှုစစ်ဆင်ရေး ပေါ်ပေါက်ခဲ့ကာ ဘင်္ဂါလီများစွာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
(အကုန်သိ သတင်းဌာန)

No comments:
Post a Comment