ချင်းတွင်းမြစ်ရေ နည်းလာခြင်းကြောင့် ပြေးဆွဲမှု ရပ်နားခဲ့သည့် မုံရွာ-ဟုမ္မလင်း ခရီးစဉ်အား ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သတင်းရရှိသည်။
ပြည်တွင်းရေကြောင်းနှင့် ပုဂ္ဂလိက ပူးပေါင်းပြေးဆွဲနေသည့် မုံရွာ-ဟုမ္မလင်း ခရီးစဉ်အား ချင်းတွင်းမြစ် သောင်ထွန်းမှုကြောင့် အောက်တိုဘာ ပထမအပတ်က ပြေးဆွဲမှု ရပ်နားခဲ့သည့် မုံရွာ-ဟုမ္မလင်းခရီးစဉ်အား သီတင်းကျွတ်ကာလ ရုံးပိတ်ရက်များတွင် ခရီးသည်များ၏ တောင်းဆိုမှုကြောင့် ပြန်လည် ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာ-ဟုမ္မလင်း ခရီးစဉ်အား ချင်းတွင်းမြစ်အတွင်း ရေကြောင်းကောင်းမွန်စွာတက်ချိန်ဖြစ်သည့် ဇူလိုင်လမှစတင်ကာ ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ရေနည်းကာလဖြစ်သည့် အောက်တိုဘာလကုန်ခန့်တွင် အဆိုပါခရီးစဉ် ပြေးဆွဲခြင်းအား ပိတ်သိမ်းလေ့ရှိကြောင်း သိရသည်။
“ချင်းတွင်းမြစ်ရေနည်းချိန်ကာလမှာ နေရာတချို့မှာ သောင်ထွန်းလာတဲ့အတွက် ရေကြောင်းကျပ်တဲ့ အခက်အခဲရှိလို့ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ဂရုစိုက်မောင်းနှင်နေရတာပေါ့။ သီတင်းကျွတ်ကာလပြီးပေမဲ့ ခရီးသည်တွေရဲ့ တောင်းဆိုချက်ကြောင့် ခရီးစဉ် ရပ်နားခြင်းမရှိဘဲ ဆက်ပြီးပြေဆွဲသွားမှာပါ” ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အနေဖြင့် မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေသည့် မုံရွာ-ဟုမ္မလင်းခရီးစဉ်အား ယခင်က ဌာနပိုင်ရေယာဉ်များဖြင့် ပြေးဆွဲနေခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းပြေးဆွဲနေခြင်းဖြစ်သည်။
ယခုနှစ် ၂၀၁၈ ခုနှစ်တွင် ဌာနပိုင် ပင်လုံသင်္ဘောနှင့် ချမ်းငြိမ်းသင်္ဘောတို့ဖြင့် ဇူလိုင် ၄ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းရေယာဉ်နှစ်စင်းအနက် ပင်လုံရေယာဉ်မှာ ရေစူးပိုမိုနက်ပြီး ပိုမိုကြီးမားသည့် သင်္ဘောဖြစ်သည့်အတွက် ပြီးခဲ့သည့်တစ်လခန့်ကပင် ခရီးစဉ်ပြေးဆွဲမှုကို ရပ်နားခဲ့ကြောင်း သိရသည်။
မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေသည့် မုံရွာ-ဟုမ္မလင်းခရီးစဉ်အား ချမ်းငြိမ်းသင်္ဘောဖြင့် အပတ်စဉ်တနင်္လာနေ့တွင် ပြေးဆွဲပေးနေပြီး အသွားအပြန်ခရီးစဉ် တစ်ကြောင်းလျှင် ခြောက်ရက်ခန့်ကြာမြင့်ကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနသည် ပို့ဆောင်ရေးနယ်မြေအလိုက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဌာနခွဲ ခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး ဌာနပိုင်ရေယာဉ်များဖြင့် ကူးတို့လမ်းများ အပါအ၀င် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ခရီးလမ်းများပြေးဆွဲခြင်း၊ ကုန်စည်သီးသန့် ပို့ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းပြင်ဌာနပိုင် ရေယာဉ်/တွဲယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ဌာနပိုင်သင်္ဘောကျင်း ခြောက်ကျင်းရှိပြီး အဆိုပါ သင်္ဘောကျင်းများတွင် ဌာနပိုင်ရေယာဉ်နှင့် တွဲယာဉ်များသာမက ပုဂ္ဂလိကပိုင်ရေယာဉ်များကို သတ်မှတ်နှုန်းထားများဖြင့် အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန အနေဖြင့် နိုင်ငံတကာ အထောက်အပံ့နှင့် ဆောင်ရွက်သည့် လုပ်ငန်းအနေဖြင့် ဂျပန်အစိုးရ၏ ကူညီမှုဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ ရေလမ်းခရီး၌ အသုံးပြုရန် ဂျပန်နိုင်ငံတွင် အသုံးပြုဆဲ ခရီးသည်တင် အမြန်ရေယာဉ်နှစ်စင်းနှင့် ဂျပန်နိုင်ငံတွင် အသစ်တည်ဆောက်မည့် ခရီးသည်တင်အမြန်ရေယာဉ် တစ်စင်း၊ စုစုပေါင်းရေယာဉ်သုံးစီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှန်းလဲ့ဝင်း
Eleven Media Group







0 comments:
Post a Comment