Tuesday, October 30, 2018

ထားဝယ် ကမ်းရိုးတန်းတစ်လျှောက်တွင် Dawei Peninsula အဖြစ် Day Return ခရီးစဉ်များကို လာမည့် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်ရန် ကြိုးစားမည်ဟုဆို



တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်ကမ်းရိုးတန်းတစ်လျှောက်တွင် Dawei Peninsula အဖြစ် Day Return ခရီးစဉ်များကိုလာမည့် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်ရန် ကြိုးစားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။ 
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT-Community Based Tourism) ကို ပထမဦးဆုံးအနေဖြင့် အောက်တိုဘာ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့သည့် လောင်းလုံးမြို့နယ်မှ ပင်လယ်ကမ်းခြေ တံငါရွာဖြစ်သော စမ်းလှမ်းကျေးရွာ CBT ဖွင့်ပွဲတွင် ၀န်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စမ်းလှမ်းကျေးရွာ CBT လုပ်ငန်းမှာ တိုင်းဒေသကြီးအတွင်း Pilot Project အဖြစ် ပထမဦးဆုံး ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး ထားဝယ်ခရိုင်တွင်လည်း ပထမဆုံးဖြစ်ကြောင်း၊ ထားဝယ်ကမ်းရိုးတန်းကို Dawei Peninsula ဟူ၍ ၎င်းအနေဖြင့် အရမ်းမျှော်လင့်ခဲ့ပြီး Dawei Peninsula လုပ်ငန်းကြီးတွင် စမ်းလှမ်းကမ်းခြေမှ ဖိုးဖိုးကျောက်၊ မြင်းခွာအော်စသဖြင့် Day Return ခရီးသွားပြီး နောက်ဆုံး ရှင်မော်အငူတွင် အဆုံးသတ်မည့် Dawei Peninsula ကို စတင်အကောင်အထည်ဖော်ရန် စိတ်ကူးယဉ်မိခဲ့သော်လည်း ၎င်း၏ကျန်းမာရေးကြောင့် အနားယူခဲ့ရသောကြောင့် ခန့်မှန်းခြေအဖြစ် လာမည့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီလတွင် Dawei Peninsula ကိုဖွင့်ရန် ရည်ရွယ်ထားကြောင်း၊ အဓိကအားဖြင့် Inverstructure များ လိုအပ်ပြီး လျှပ်စစ်မီးနှင့် ဟိုတယ်အများအပြားရှိရန် လိုအပ်ကာ ခရီးသွားလုပ်ငန်းကုမ္ပဏီများ လာရောက်ချိန်တွင် ဒေသခံများဘက်က ဧည့်ဝတ်ကျေစွာ ပြုစုဧည့်ခံရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပြီးပါက ၂၀၁၉ ခုနှစ်တွင် Dawei Peninsula ကို ဖွင့်နိုင်အောင် ကြိုးစားမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

“Peninsula ဆိုတာ Day Return ပေါ့နော်။ Day Return က ဘယ်ကထွက်မလဲဆိုတော့ ဒီ (စမ်းလှမ်းကမ်းခြေ) က ထွက်မလို့ စီစဉ်နေတယ်။ ဒီကထွက်မယ်။ ဟိုဘက်က ရှင်မော်အထိ ရောက်မှာပေါ့။ ရှင်မော်ကနေတစ်ခါ ဘုတ်ကျွန်းကိုသွားမယ်။ Day Return ဆိုတော့ ၈ နာရီလောက်ပေါ့။ အဲဒီဟာ လုပ်မှာ။ ကမ်းခြေကတော့ အများပြည်သူပိုင်ပေါ့။ ကမ်းခြေအပေါ်ပိုင်းကိုတော့ Developer ကိုပေးရမှာပေါ့။ Developer မရှိရင် ဟိုတယ်မရှိဘူးလေ။ Public Space ဆိုတာ ဒီလို သဲခုံတွေကိုတော့ ထားပေးရမယ်။ သဲခုံအပေါ်က မြေတွေကိုတော့ ဟိုတယ်ဆောက်ခိုင်းမှာပေါ့။ အကောင်အထည်ဖော်မယ်ဆို အစ်မကလည်း ဆေးရုံမှာ နည်းနည်းကြာသွားလို့ နို့မို့ဆိုရင် အကောင်အထည်ဖော်ဖို့ပဲ ဒီနေရာမှာ။ ဒီနေရာကလည်း နောက်ကျနေလို့။ ဒီ (စမ်းလှမ်း) က ထွက်ရမှာကိုး။ ထွက်တဲ့နေရာက အဆင်သင့်မဖြစ်လို့ရှိရင် စလို့မရဘူးလေ။ ဒီမှာ Port တစ်ခုလုပ်ရမယ်။ လှေဆိပ်ပြီးရင်တော့ စလို့ရပြီ။ ဒါကိုလုပ်နိုင်မယ်ဆိုရင် ခရီးသွားလုပ်ငန်းကို ဆွဲတင်နိုင်မှာပေါ့။ ထားဝယ်က ပြည်တွင်းခရီးသွားများတာကိုး။ ပြည်တွင်းခရီးသွားတွေအတွက် ခရီးစဉ်တစ်ခု ဖြစ်သွားမှာပေါ့။ နိုင်ငံခြားခရီးသွားကို မရည်ရွယ်ဘူး။ ပြည်တွင်းခရီးသွားကိုပါပဲ” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ထားဝယ်အခြေစိုက်မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ 

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ Resort များတည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံခွင့်ပေးရန် ကာတာနိုင်ငံမှ လာရောက် တောင်းဆိုမှုရှိကြောင်း၊ ၎င်းတို့အနေဖြင့်လည်း ကာတာနိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံရန် တောင်းဆိုမှုကို လက်ခံခဲ့ပြီး ကြိုးစားပေးမည်ဟု ပြောဆိုခဲ့သည့်အပြင် ကာတာနိုင်ငံမှ ခရီးသွားများကို လိုအပ်ပြီးများ များလာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း စမ်းလှမ်းကျေးရွာ CBT ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ 

အောက်တိုဘာ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့သည့် စမ်းလှမ်းကျေးရွာ CBT အဆောက်အအုံတွင် အမျိုးသားဆောင်၊ အမျိုးသမီးဆောင်နှင့် စားသောက်ဆောင်စသည့် အဆောက်အအုံ သုံးလုံးပါဝင်ပြီး လူ ၁၆ ဦး တည်းခိုနိုင်သည့် အခန်းရှစ်ခန်းပါရှိကာ လက်ရှိအနေအထားအရ ပြည်တွင်းဧည့်သည် တစ်ဦးလျှင်ကျပ် ၄၀၀၀၀ ခန့် ကျသင့်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို ကျေးရွာရှိ ဒေသခံများ ပါဝင်သည့် ကော်မတီက စီမံခန့်ခွဲမည်ဖြစ်ပြီး ရရှိသည့် အမြတ်ငွေကို အချိုးကျ ခွဲဝေပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

တိုင်းဒေသကြီးအတွင်း ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) များ ဆောင်ရွက်ရန် ပထမဦးစားပေးအဖြစ် ရွေးချယ်ထားသည့်နေရာများမှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအကြား စိတ်ဝင်စားမှုရှိနေသည့် ထားဝယ်ခရိုင်တွင် ပထမဦးစားပေးအဖြစ် စမ်းလှမ်းကျေးရွာ၊ မြိတ်ခရိုင်တွင် ဒုံးညောင်မှိုင်းဆလုံကျေးရွာနှင့် ကော့သောင်းခရိုင်တွင် မကြုံဂလက်ကျေးရွာတို့ကို လျာထားထားပြီး ဒုတိယ ဦးစားပေးအဖြစ် ထားဝယ်ခရိုင်မှ ကလုံးထာကျေးရွာနှင့် ကော့သောင်းခရိုင်မှ ဆလုံကျေးရွာများကို လျာထားခဲ့ပြီး ယခုစမ်းလှမ်းကျေးရွာတွင် စတင်အကောင်အထည်ဖော်ပြီးပါက မြိတ်ခရိုင်ရှိ ဒုံးညောင်မှိုင်းကျေးရွာတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ Dawei Peninsula ခရီးစဉ်စတင်မည့် စမ်းလှမ်းကျေးရွာမှာ ထားဝယ်မြို့မှ ၁၆ မိုင်ခန့်အကွာရှိ လောင်းလုံးမြို့ အနီးတွင်တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၁၉၀၀ ကျော်ရှိပြီး ငါးဖမ်းလုပ်ငန်းဖြင့် အဓိက အသက်မွေးကျောင်း၊ ယင်းကျေးရွာ၏ CBT လုပ်ငန်းအတွက် ခရီးစဉ်များ ရေးဆွဲထားပြီး ကျေးရွာအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် ငါးဖမ်းလုပ်ငန်းနှင့် ငါးခြောက်လုပ်ငန်းများ လေ့လာခြင်းအပြင်အနီးရှိ ကမ်းခြေများသို့ လမ်းလျောက်ခရီးစဉ်၊ တောင်တက်ခရီးစဉ်၊ ပင်လယ်ပြင်အတွင်း ကျွန်းများနှင့် သန္တာကျောက်တန်းများ လေ့လာရေးခရီးစဉ်နှင့် လောင်းလုံးကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းခြေများအား စက်လှေဖြင့် လေ့လာမည့် ခရီးစဉ်များ ပါဝင်ကြောင်း သိရသည်။ 

ထားဝယ်ကမ်းရိုးတန်း တစ်လျှောက်တွင် နာမည်ကျော် မောင်းမကန်ကမ်းခြေ အပါအ၀င် သဘာဝကမ်းခြေ ၁၀ နေရာခန့်နှင့် ကျွန်းများရှိပြီး ယခုနှစ်ပိုင်းအတွင်း ဒေသခံများနှင့် ခရီးသွားများ သွားရောက်လည်ပတ်မှု မြင့်တက်လာကြောင်း၊ ထားဝယ်ခရိုင်အတွင်း၌ စမ်းလှမ်းကျေးရွာအပြင် CBT လုပ်ငန်းများ ဆောင်ရွက်ရန် နေရာနှစ်ခုကိုလည်း ရွေးချယ်ထားပြီး ထားဝယ်ကမ်းရိုးတန်းတစ်လျှောက်၌လည်း နောက်ပိုင်းတွင် CBT လုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။ ထားဝယ်ခရိုင်ရှိ လောင်းလုံးမြို့နယ် ကမ်းရိုးတန်းတစ်လျှောက်တွင် Excellent Fortune Development Group က နိုင်ငံတကာအဆင့်မီ ခရီးသွားလာရေးလုပ်ငန်းနှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် အစိုးရအဖွဲ့အား လာရောက် တင်ပြထားကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က နိုင်ငံတကာအဆင့်မီ ခရီးသွားလာရေးလုပ်ငန်းနှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် လုပ်ကိုင်လိုခြင်းကိစ္စအပေါ် Pilot Project ဖြင့် ပြန်လည်တင်ပြရန်နှင့် မြေနေရာအတွက် အခြားနည်း အသုံးပြုခွင့်ရရှိရန်လိုကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။ 

ကုမ္ပဏီတာဝန်ရှိသူများ၏ အဆိုပြု တင်ပြချက်အရ ၎င်းတို့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များမှာ ကြီးမားသည့် အနေအထားရှိပြီး မကာအိုနှင့် တရုတ်တို့မှ လုပ်ငန်းရှင်ကြီးများနှင့် ချိတ်ဆက်၍လုပ်ကိုင်မည့် သဘောရှိကြောင်း၊ ထို့အပြင် ၎င်းနှင့် ပါတနာအနေဖြင့် ချိတ်ဆက်လုပ်ကိုင်မည့်ကုမ္ပဏီများမှာ ကမ္ဘာ့ထိပ်တန်း 6 Star အဆင့်တည်ဆောက်နေသည့် ကုမ္ပဏီများနှင့် တရုတ်နိုင်ငံမှ Top 4 စာရင်းဝင်ကုမ္ပဏီကြီးများ ပါဝင်ကြောင်း တင်ပြချက်များအရ သိရပြီး အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံမည့် အနေအထား ရှိသည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ 

ဖြိုးဇင် (ထားဝယ်)

Eleven Media Group


0 comments:

Post a Comment