၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ရာသီကာလအတွက် တည်းခိုဆောင် အခန်းခကျသင့်ငွေ ကျပ် ၉၆ သိန်းနှင့် လုပ်ငန်းအာမခံအဖြစ် သွင်းထားသည့်ငွေ ကျပ်သိန်း ၁၀၀ ပြန်ရလိုမှုဖြင့် နမ္မဒါ(၁) တည်းခိုရိပ်သာ လုပ်ငန်းရှင် ဦးကျော်နိင်ဦးက မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်အား မင်းဘူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။
ပွဲတော်ကာလ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့အထိ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌမှ ဧည့်သည်တော်များ လာရောက်ရာတွင် နမ္မဒါ(၁)တည်းခိုဆောင်ရိပ်သာလုပ်ငန်းရှင် ဦးကျော်နိင်ဦးထံ ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ညွန်ကြားချက်အရ အခန်းများစီစဉ်ပေးခဲ့ရပြီး စုစုပေါင်း တည်းခိုဆောင်အခန်းခ ကျသင့်ငွေကျပ် ၉၆ သိန်းအား ယနေ့အထိ မပေးချေသေး၍ ယခုလို တရားစွဲဆို တောင်းရခြင်းဖြစ်ကြောင်း နမ္မဒါ(၁)တည်းခိုဆောင်ရိပ်သာ လုပ်ငန်းရှင် ဦးကျော်နိင်ဦးက ပြောသည်။
“ ပွဲတော်ကာလမှာ ဂေါပကအဖွဲ့က ကျွန်တော့်တည်းခိုဆောင်မှာ သူတို့နဲ့ပတ်သက်တဲ့ ဧည့်သည်တွေ တည်းခိုင်းပြီး စာရင်းရှင်းတောင်းတော့ ဒီနေ့အထိ ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က မပေးဘူး၊ ပြီးတော့ လုပ်ငန်း အာမခံငွေအဖြစ် တင်သွင်းထားတဲ့ ငွေကျပ်သိန်း ၁၀၀ ကို ပြန်တောင်းတာ ဒီနေ့အထိ မပေးဘူး၊ ကျွန်တော့ ဘက်က ဘာစည်းကမ်းမှ မဖောက်ပြန်ဘဲ သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လုပ်ခဲ့ပါတယ်၊ ပွဲတော်ပြီးလို့ အာမခံငွေကျပ်သိန်း ၁၀၀ ကို ပြန်မပေးတဲ့အတွက် အခုလိုတရားစွဲဆိုတောင်းရတာပါ” ဟု ဦးကျော်နိုင်ဦးက ပြောသည်။
“ ၂၀၁၈ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ နမ္မဒါ(၁)တည်းခိုရိပ်သာလုပ်ငန်းကို ဂေါပကအဖွဲ့က သတ်မှတ်ထားတဲ့ တင်ဒါစည်းမျဉ်း အပိုဒ်(၃)နဲ့အညီ လျှောက်လွာတစ်စောင်ကို ၅ သိန်းကျပ်နဲ့ ဝယ်ယူ လျှောက်ထားပြီး တင်ဒါစည်းမျဉ်းအပိုဒ်(၅)၊ အပိုဒ်ခွဲ(စ)အရ လျှောက်ထားစဉ်က တင်ပြထားတဲ့ အကွက်ချ ပုံစံထက် ပိုပြီး ဘာအဆောက်အဦမှ တိုးချဲ့ဆောက်လုပ်ခွင့်မပြုဆိုတဲ့ စည်းမျဉ်းတွေနဲ့ အခြားစည်းမျဉ်းတွေ လိုက်နာလုပ်ကိုင်ခဲ့ပါတယ်။ ကျပ်ငွေသိန်း ၁၀၀ ကို လုပ်ငန်းအာမခံငွေအဖြစ် တင်သွင်းခဲ့ပါတယ်။ ဂေါပက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တာအပါဝင် အခြား ပြဿနာဘာမှ မပေါ်ပေါက်ခဲ့ပါဘူး၊ ပွဲတော်ပြီးတော့ အာမခံတင်ထားတဲ့ငွေ ပြန်ထုတ်တာ ထုတ်မပေးဘူး၊ ဒါကြောင့် သိန်း ၁၀၀ ပြန်ရလိုမှုနဲ့ပါ တရားစွဲထားပါတယ်၊ ဒီနမ္မဒါ(၁)တည်းခိုရိပ်သာလုပ်ငန်းကို ကျပ်ငွေ ၁၂၅၇ သိန်းနဲ့ လေလံအောင်မြင်ခဲ့တာပါ” ဟု ဦးကျော်နိင်ဦးက ပြောသည်။
အဆိုပါအခန်းများကို နိုင်ငံတော်အဆင့် လူကြီးများလာပါက VIP ခန်းများပေးဖို့ရန် ဖြစ်ပြီး နားလည်မှုဖြင့် အစဉ်အဆက်လုပ်ခဲ့ကြောင်း၊ စတင်လုပ်ကိုင်စဉ်က နှုတ်ဖြင့် ကြိုအသိပေးထားသည်ဟု မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဆိုသည်။
“ ဒီ နမ္မဒါ(၁)တည်းခိုရိပ်သာ တစ်နေ့ တန်ကြေး တစ်သိန်းပေါ့ ။ နိုင်ငံတော်အဆင့်၊ ၀န်ကြီးမိသားစုတွေ၊ မကွေးတိုင်းဝန်ကြီးအဆင့်တွေလာရင် တည်းဖို့၊ ခိုဖို့ လုပ်တယ်လေ။ VIP ကတွေကတော့ စနေ၊ တနင်္ဂနွေတွေ လာတာပေါ့။ VIP မရှိတဲ့နေ့တွေ ငှားစားပေါ့။ အဲလိုနဲ့ လုပ်ခဲ့တော့ အစဉ်အဆက်ပေါ့ ။ ၂၀၁၇ ကတည်းက ဒီနမ္မဒါ တစ်ခုတည်းရှိတယ်လေ။ အဲဒီတုန်းက မင်းဘူးက လုပ်ငန်းရှင် ဦးမျိုးကြည်ရတယ်။ VIP တည်းခိုခန်း ၈ လုံး ပေးရတယ်။ မကွေးတိုင်းအစိုးရဖက်က ဦးစီးအရာရှိ ပေါ့ ။ အစိုးရဖက်ကလာရင် ၂ ခန်း အဲလိုမျိုးပြောပေးရတာပေါ့။ ၂၀၁၇ တုန်းကတော့ နားလည်မှုပေါ့။ ပြဿနာ မရှိဘူး။ ခု ၂၀၁၈ ကြတော့ ဒီ နမ္မဒါတည်းခိုရိပ်သာ (၁)၊ (၂) တို့ တစ်ပြည်လုံးကို တင်ဒါခေါ်တာ။ မကွေးတိုင်း အစိုးရကပဲ ဒီ နမ္မဒါတည်းခိုရိပ်သာ (၁)၊ (၂)နဲ့ ငွေသောင်ယံကို စီမံခန့်ခွဲတယ်ပေါ့။ နမ္မဒါ(၁) က VIP ၄ လုံး၊ နမ္မဒါ (၂)က VIP လေးခန်း၊ ပေးရတယ်။ အစက ခေါ်ပြောထားတယ်။ စာချုပ်စာတမ်းတော့ မဟုတ်ဘူး။ နမ္မဒါ(၁)က ကိုကျော်နိုင်ဦးက သိပ်နားမလည်ဘူး” ဟု မန်းရွှေစက်တော်ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။
အာမခံငွေ တင်သွင်းထားသည့် ငွေ ကျပ်သိန်း ၁၀၀ မှာ ရွှေစက်တော်ပွဲတော်ကာလ ပြီးပါက စည်းကမ်း ဖောက်ဖျက်မှုမရှိလျှင် လုပ်ငန်းရှင်သို့ ပြန်ပေးအပ်ရမည် ဖြစ်ပြီး ပွဲတော်ကာလမှာ ဖေဖော်ဝါရီ ၂၀ မှ ဧပြီလ ၁၃ ရက်အထိ ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က တရားလို ဦးကျော်နိုင်ဦးက တရားမကြီး ၉၀/၂၀၁၈၊ တရားမကြီး ၉၁/၂၀၁၈ တို့ဖြင့် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဦးသိန်းလှိုင်အား တည်းခိုဆောင်အခန်းခ ငွေကျပ် ၉၆ သိန်း ရလိုမှု နှင့် လုပ်ငန်းအာမခံငွေ ကျပ်သိန်း ၁၀၀ ရလိုမှုဖြင့် တရားစွဲဆိုထားကြောင်း မင်းဘူးမြို့နယ် တရားရုံးမှ သိရသည်။
နမ္မဒါ(၁) တည်းခိုခန်းမှာ အဆင့်မြင့်တည်းခိုရိပ်သာဖြစ်ပြီး အဲကွန်း၊ အိပ်ရာ၊ အဆင့်မြင့်ဘိုထိုင်အိမ်သာများ ပါဝင်သည်ဟု သိရသည်။
မဇ္ဈိမ








0 comments:
Post a Comment