Wednesday, October 3, 2018

တောင်ကြီး တန်ဆောင်တိုင် ကွင်းဖွင့်ပွဲနှင့် ပိတ်ပွဲ မီးရှူးမီးပန်း လွှတ်တင်ချိန် လျှော့ချမည်



တောင်ကြီး တန် ဆောင်တိုင် ကွင်းဖွင့်ပွဲနှင့် ပိတ်ပွဲတွင် မီးရှူးမီးပန်းအလှ လွှတ်တင်ချိန် လျှော့ချမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်းက ပြောသည်။ 

ယခင် တောင်ကြီး တန် ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲ၏ ကွင်းဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား တွင် မီးရှူးမီးပန်းအလှ လွှတ်တင် ပစ်ဖောက်ချိန် မိနစ် ၂၀ ခန့် ကြာ မြင့်ပြီး ယခုနှစ်၌ ၁၀ မိနစ်ခန့်သာ လွှတ်တင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘မီးရှူးမီးပန်း လွှတ်တင် ချိန် လျှော့လိုက်တာဟုတ်တယ်။ တောင်ကြီး တန်ဆောင်တိုင်ပွဲ ကျင်းပရေး ကြီးကြပ်ကော်မတီ ဖြစ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ကနေ အချိန် ကန့်သတ်လျှော့ချလိုက် တာပါ။ ဘာကြောင့် လျှော့တယ် ဆိုတာတော့ မသိသေးပါဘူး’’ဟု ဒေါက်တာ သန်းဝင်းက ပြောသည်။ ကွင်းဖွင့်ပွဲနှင့် ပိတ်ပွဲတွင် မီးရှူးမီးပန်းအလှ လွှတ်တင်ချိန် လျှော့ချခြင်းကြောင့် အားမလို အားမရ ဖြစ်မိကြောင်း တောင်ကြီးဒေသခံအချို့က ပြောသည်။ 

‘‘အဲဒီလို မီးရှူးမီးပန်းတွေနဲ့ ကွင်းဖွင့်ပွဲလုပ်တာ တောင်ကြီး မြို့မှာပဲ ရှိတယ်လေ။ ဘယ်မြို့ မှာမှ မရှိဘူး။ အချိန်ကန့်သတ် လျှော့လိုက်တယ်ကြားတော့ အား မရဘူး’’ဟု တောင်ကြီးဒေသခံ နန်းနွန်နွန်က ပြောသည်။ 

ယခုနှစ် တောင်ကြီး တန် ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက် ၂၂ ရက်အထိ တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်းက သတင်းထုတ်ပြန်ထားသည်။ 

ယခင်နှစ်က တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင် ပွဲကို တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်း၌ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ၁၀ ရက်ကြာ ကျင်းပခဲ့သည်။

7Day

0 comments:

Post a Comment