Tuesday, October 2, 2018

လွှတ်တော်သို့ မတင်ပြဘဲ တိုင်းအစိုးရချေးယူထားသော ချေးငွေများကို ပြန်ဆပ်ရန် သဘောမတူကြောင်း ဆွေးနွေး

ရန်ကုန်တိုင်းအစိုးရက အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခရီးသည်တင်ယာဉ်နှင့် ကျောင်းကားဝယ်ယူရာ၌ လွှတ်တော်က ခွင့်ပြုသည့် ကျပ်ဘီလီယံ ၇၀ အပြင် ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ကျပ် ၁၃ ဘီလီယံကျော်ချေးထားခြင်းကို လွှတ်တော်သို့ တင်ပြခြင်းမရှိ၍ ပြန်လည်ပေးဆပ်ရန် သဘောမတူကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကပြောသည်။ 

ခရီးသည်တင်ယာဉ်သယ်ယူ ပို့ဆောင်ရေးအများပိုင်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် လွှတ်တော်က ကျပ် ဘီလီယံ ၇၀ ခွင့်ပြုခဲ့သော်လည်း ယာဉ်အစီး ၁,၀၀၀ ၀ယ်ယူရာ၌ ထည့်ဝင်ငွေလုံလောက်မှုမရှိသဖြင့် ဧရာဝတီဘဏ်မှ ကျပ် ရှစ်ဘီလီယံကိုလည်းကောင်း၊ ကျောင်းကားအစီး ၂၀၀ ၀ယ်ယူရန် ကမ္ဘောဇဘဏ်မှ ၅ဒသမ၅ ဘီလီယံ (ကျပ် သန်း ၅,၅၀၀) ကိုလည်းကောင်း ချေးငှား၍ ၀ယ်ယူထားကြောင်း ၎င်းက ပြောသည်။ 

ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ် ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ အောက်တိုဘာ ၂ ရက်က တိုင်းလွှတ်တော်၌ ဆွေး နွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

အဆိုပါဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ချေးငွေရယူ ထားခြင်းကို လွှတ်တော်၏ ခွင့်ပြု ချက်မပါရှိသောကြောင့် ယင်းဘဏ်များသို့ ပြန်လည်ပေးဆပ်ရန် အများပြည်သူဘဏ္ဍာငွေများနှင့် လွှတ်တော်မှ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသော ခရီးသည်တင်ယာဉ်သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီတွင် လုံးဝတာဝန်မရှိကြောင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို ကျော်လွန်၍ မိမိသဘောဖြင့် လူပုဂ္ဂိုလ်အရ ချေး ထားသော ငွေများဖြစ်ခြင်းကြောင့်ပြန်လည်ပေးဆပ်ရန် လွှတ်တော် က သဘောမတူကြောင်း ဒေါ်စန္ဒာ မင်းက ပြောသည်။ 

‘‘ငွေတွေလိုအပ်ရင် လွှတ် တော်မှာတင်ပြတောင်းခံရပါ တယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒီလိုချေးထားတယ် ဆိုတာကို အစီရင်ခံစာထွက်လာ မှ ကျွန်မတို့သိရတာပါ။ ကျွန်မတို့ မှာ တာဝန်မရှိပါဘူး’’ဟု ၎င်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြော ကြားသည်။ 

တိုင်းဒေသကြီးအစိုးရအနေ ဖြင့် ခွင့်ပြုငွေမလုံလောက်၍ ထပ် မံလိုအပ်သဖြင့် အခြားမှ ငွေချေး ယူမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၀ အရ လွှတ်တော်သို့ တင်ပြအတည်ပြုချက်ယူရ မည်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြသည်။ 

‘‘ပြန်ဆပ်မယ်ဆိုရင် အများ ပိုင်ကုမ္ပဏီရဲ့ ပုဂ္ဂလိကက ပေါင်း စပ်ထားတဲ့ ကုမ္ပဏီတွေဘက်က နေပြီးတော့ ဆပ်ချင်ရင် ဆပ်လို့ရ ပါတယ်။ ကျွန်မတို့ပေးထားတဲ့ ဘီလီယံ ၇၀ ဘက်က၊ ရင်းနှီးမြှုပ်နှံ မှုဘက်က ကြွေးမြီဆပ်မယ်ဆိုတဲ့ ဟာကိုတော့ ကျွန်မတို့က ခွင့်မပြု ပါဘူး’’ဟု ၎င်းက ဆိုသည်။ 

ယင်းဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ငွေကြေးအ မြောက်အမြားချေးငှားထားခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ လွှတ်တော်သို့ တင်ပြခြင်း မရှိ၍ ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှု အရပ်ရပ်တို့သည် လွှတ်တော်တွင်တာဝန်မရှိကြောင်း မရမ်းကုန်းမြို့ နယ် တိုင်းလွှတ်တော်အမတ် ဦး ရန်ရှင်းက ပြောသည်။ 

‘‘ကျောင်းကြိုပို့ကားတွေကို ၀ယ်ယူရာမှာ ဈေးနှုန်းမြင့်မားမှု ကြောင့် သယ်ယူပို့ဆောင်စရိတ် မြင့်မားပြီး ကျောင်းကြိုပို့လိုအပ် တဲ့ ကျောင်းအများစုမှာ သုံးစွဲဖို့ အခက်အခဲရှိနေတာကို ကြားသိရ ပါတယ်။ ပြည်သူလူထုရဲ့ လူနေမှု နဲ့ စီးပွားရေးအခြေအနေကို အ လေးထားစဉ်းစားပြီးမှ လုပ်ငန်း ဆောင်ရွက်သင့်ပါတယ်’’ဟု ဦးရန်ရှင်းက သုံးသပ်ပြောကြားသည်။ 

ရန်ကုန်ဘတ်စ်ကားအများ နှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) သည် သုံးနှစ်ဆက်တိုက်အရှုံးပေါ် ခဲ့ကြောင်း ရန်ကုန်တိုင်းစာရင်းစစ် ချုပ်အစီရင်ခံစာတွင် ဖော်ပြထား သည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား YBPC အမည်ဖြင့်တရုတ်နိုင်ငံထုတ် ဘတ်စ်ကား အသစ် အစီး ၁,၀၀၀ ကို ရန်ကုန် တိုင်းအစိုးရနှင့် တရုတ်အစိုးရအ ချင်းချင်းညှိနှိုင်းချက်အရ တစ်စီး လျှင် ကျပ် ၇၇ သန်းဖြင့် ၀ယ်ယူ ခဲ့ကြောင်း တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြသည်။ 

တိုင်းအစိုးရက ပြည်သူ့ဘဏ္ဍာငွေများကို အများပိုင် ကုမ္ပဏီများဖွဲ့စည်း၍ စိတ်ကြိုက်သုံးစွဲနေခြင်းကြောင့် အထက်ပါအစီရင်ခံစာအရ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းများနှင့် ညီညွတ်မှုမရှိသော သုံးစွဲမှုများအတွက် အများပိုင်ကုမ္ပဏီများဖွဲ့ စည်းတည်ထောင်ခြင်းကို ခွင့်မပြုသင့်ကြောင်း ဒေါ်စန္ဒာမင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။ 

ယင်းအစီရင်ခံစာအပေါ် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းအစိုးရတို့ကဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေး နွေးမည်ဖြစ်သည်။ 

ယင်းအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုနှင့် ပတ်သက်၍ တိုင်း အစိုးရအဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ် ၍ မရခဲ့ပေ။

7Day

No comments:

Post a Comment