အမေရိကန်ဒေါ်လာ သန်း ၃၅၀ မှ ၅၀၀ ကြား ရင်းနှီးမြုပ်နှံမည့် LNG (Lique-fied Natural Gas) လျှပ်စစ်ဓာတ်အားပေးစက်ရုံ (အလုံ) စီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆွေးနွေးနေပြီး ၂၀၂၂ ခုနှစ်အတွင်း စက်ရုံ ဆောက်လုပ်ပြီးရန် မျှော်မှန်းထားကြောင်း အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်မည့် TTCL Power Myanmar Company Limited (TMPC) ထံမှ သိရသည်။
“အခု သူတို့က ဒီစက်ရုံ ဆောက်မယ်၊ လျှပ်စစ် ထုတ်မယ်ပေါ့နော်။ ဒါကို (EIA SIA) သဘာဝပတ်ဝန်းကျင် သက်ရောက်မှုနဲ့ ပတ်သက်ပြီး အရင်ရှင်းပြမယ်။ ပြီးတော့မှ သစ်တောဝန်ကြီးဌာနတို့ ဘာတို့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို တင်၊ အဲဒီကနေမှ လျှပ်စစ်ဝန်ကြီးဌာန (MOEE) ကို သူတို့ရဲ့ Proposal အသေးစိတ်ကို တင်ရမှာ။ အဲဒီကနေ စီးပွားရေးကော်မတီကို တင်ရမယ်၊ ပြီးတော့ ကက်ဘိနက်မှာ ဆွေးနွေး၊ အတည်ပြုပြီးမှ သူတို့ စလုပ်လို့ရမှာ၊ အခုကတော့ ပြည်သူလူထုကို ထိခိုက်နစ်နာမှု မရှိအောင် ဘယ်လိုလုပ်မယ်၊ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ကာကွယ်မလဲဆိုတာ ရှင်းပြတဲ့အဆင့်ပဲ ရှိပါသေးတယ်” ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲလွင်က ပြောကြားသည်။
ကုမ္ပဏီအနေဖြင့် ၂၀၁၉ ခုနှစ် နှစ်လည်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် မျှော်မှန်းထားပြီး စာချုပ် ချုပ်ဆိုပြီးချိန်မှ ၂၈ လ( ၂နှစ် ၄လ) အတွင်း စက်ရုံဆောက်လုပ် ပြီးစီးမည်ဖြစ်ကြောင်း TPMC မှ Office Manager ဖြစ်သူ ဦးထက်အောင်မွန်က ပြောကြားသည်။
ယင်း စီမံကိန်းအား အကောင်အထည်ဖော်ရန်အတွက် ၂၀၁၈ ခုနှစ် မတ်လတွင် နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း၊ ဧပြီ မှ စက်တင်ဘာအတွင်း ကနဦး အခြေအနေ သုံးသပ်မှု ပြုလုပ်ခြင်း၊ နိုဝင်ဘာတွင် အဓိက ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ ဆန်းစစ်ခြင်း၊ ဒီဇင်ဘာတွင် သက်ရောက်မှုများ နှင့် လျှော့ချရေး အစီအမံများ နှင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီတွင် အများပြည်သူအား တင်ပြခြင်းဟူသည့် အစီအစဉ်ဖြင့် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု ဆန်းစစ်ခြင်း (ESIA) လုပ်ငန်းစဉ်များအား အများပြည်သူအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ယမန်နေ့ (၂၉ ရက်) က အလုံမြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး စီမံကိန်းပတ်လည် ငါးကီလိုမီတာအတွင်းရှိ အလုံ၊ ဒဂုံ၊ လမ်းမတော်နှင့် ဆိပ်ကမ်းမြို့နယ်တို့မှ ပြည်သူအချို့ တက်ရောက် ဆွေးနွေးခဲ့သည်။
စီမံကိန်း လျာထားနေရာအဖြစ် ဓာတ်အားပေးစက်ရုံအသစ် (Combine Cycle Power Plan) မှာ လက်ရှိ ၁၂၀ မီဂါဝပ် ဓာတ်အားပေးစက်ရုံ လည်ပတ်လျက်ရှိသည့် အလုံမြို့နယ် လျှပ်စစ်ဝင်းအတွင်း တည်ရှိမည်ဖြစ်ပြီး မြေ ၈ ဒသမ ၁၆ ဧက ခန့် ရှိမည် ဖြစ်သည်။
LNG လက်ခံ ဆိပ်ကမ်းအနေဖြင့် ဒလမြို့နယ် တောင်ဘက်ပိုင်း ရန်ကုန်မြစ်ကမ်းဘေးတွင် တည်ရှိမည်ဖြစ်ပြီး မြေ ၁၅ ဧက ခန့် အသုံးပြု တည်ဆောက်သွားမည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ LNG လက်ခံဆိပ်ကမ်းမှ စတင်ကာ ကားလမ်းမဘေး တစ်လျှောက် ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တွံတေးတူးမြောင်းကို ဖြတ်သန်း၍ ဆိပ်ကြီးခနောင်တို ဆိပ်ကမ်းဘက်ခြမ်းမှ အလုံစက်ရုံသို့ ရန်ကုန်မြစ် အောက်ခြေမှ သွယ်တန်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးပါက ၃၈၈ မီဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး လျှပ်စစ်ဖြန့်ဖြူးရေးပိုင်းနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးဘဲ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြန်လည်ဖြန့်ဖြူးမည် ဖြစ်သည်။
စီမံကိန်း နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းရန် လိုအပ်သည်များ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလတွင် ပြုလုပ်မည့် အခမ်းအနားတွင် ထပ်မံရှင်းလင်း တင်ပြမည်ဖြစ်သည်။
TTCL Power Myanmar Company Limited (TMPC) သည် ထိုင်းနိုင်ငံအခြေစိုက် Engineering Company ဖြစ်သည့် TTCL Public Company Limited ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခု အဆိုပြုထားသည့် LNG ဓာတ်အားပေး စက်ရုံစီမံကိန်း၏ “Operation and Maintenance” ကို တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဝေထွန်းနောင်
Eleven Media Group







0 comments:
Post a Comment