Wednesday, November 28, 2018

ယူကရိန်းတွင် ရုရှား၏ ဥပဒေမဲ့သော လုပ်ရပ်များကြောင့် ဝါရှင်တန်-မော်စကို ဆက်ဆံရေး ထိခိုက်ဟု အမေရိကန်သံအမတ်ကြီးပြော


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဇောဗ် ပင်လယ်ပြင်တွင်း ယူကရိန်းရေတပ်ပိုင် စစ်သင်္ဘောများကို ရုရှားကပစ်ခတ်ဖမ်းဆီးခဲ့မှုသည် တရားဥပဒေလက်မဲ့ လုပ်ရပ်များဖြစ်သလို ဝါရှင်တန်နှင့် မော်စကိုအကြား ပုံမှန်ဆက်ဆံရေးပြန်ဖြစ်အောင် ကြိုးပမ်းနေမှုများကို အဟန့်အတားဖြစ်စေသည်ဟု အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးတွင် အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက အထက်ပါအတိုင်း ရုရှားနိုင်ငံကို သတိပေးခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအနေနှင့် ရုရှားနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိလာမှုကို ကြိုဆိုပါကြောင်း၊ သို့သော် ယူကရိန်းသင်္ဘောများကို ပစ်ခတ်ဖမ်းဆီးမှုကဲ့သို့သော ဥပဒေမဲ့သည့်လုပ်ရပ်များကြောင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက် ကောင်းမွန်အောင်လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်စေနိုင်ကြောင်း ၎င်းက ဆိုသည်။ 

တနင်္ဂနွေနေ့တွင် ရုရှားရေတပ်က ယူကရိန်းပိုင် စစ်သင်္ဘောသုံးစင်းကို ကရိုင်းမီးယားကမ်းခြေဒေသအနီး၌ ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးရခြင်းမှာ အဆိုပါသင်္ဘောများသည် ရုရှားရေပိုင်နက်ဖြစ်သော အာဇော့ဗ်ပင်လယ်ပြင်ထဲသို့ တရားမဝင်ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု ရုရှားအစိုးရက ဆိုသည်။ 

ယင်းဖြစ်ရပ်ကြောင့် ယူကရိန်းနှင့် ရုရှားအကြား အချင်းများလျက်ရှိစဉ် အမေရိကန်သံအမတ်ကြီးနစ်ကီဟာလေက ရုရှားကိုပြစ်တင်ဝေဖန်ခြင်းဖြစ်သည်။ ထို့ပြင် သင်္ဘောများကို ဖမ်းဆီးခြင်းသည် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာကိုထိခိုက်စော်ကားသည့် လုပ်ရပ်ဖြစ်သည်ဟု နစ်ကီဟာလေက ပြောကြားသည်။ 

သို့သော် ယခုဖြစ်ရပ်နှင့်စပ်လျဉ်း၍ ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်အရေးယူမှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆိမှုမပြုပေ။ ကရိုင်းမီးယားဒေသနှင့်ပတ်သက်၍ တင်းမာမှုများကို လျှော့ချသွားရန်သာ ၎င်းက တိုက်တွန်းခဲ့သည်။ 

နယ်စပ်ရေးရာကိစ္စများတာဝန်ယူထားသော ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) က ရုရှားရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်လာသောကြောင့် ယူကရိန်းစစ်သင်္ဘောများကို ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

“ယခုကိစ္စကိုကြည့်လျှင် ယူကရိန်းနိုင်ငံ၏ အကွက်ချစီစဉ်ထားသောရန်စပြုမူမှုကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်။ ဖြစ်ရပ်များကို မကြာမီလူသိရှင်ကြား ထုတ်ဖော်အသိပေးသွားမည်ဖြစ်သည်” ဟု FSB က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

အဆိုပါဖြစ်ရပ်အတွင်း ယူကရိန်း သင်္ဘောသားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ သို့သော် ဒဏ်ရာမှာ စိုးရိမ်စရာမရှိဘဲ ဆေးကုသမှုကောင်းစွာခံယူလျက်ရှိကြောင်း ဆက်လက်ဖော်ပြသည်။ 

ရုရှားနိုင်ငံသည် တနင်္ဂနွေနေ့အစောပိုင်းကလည်း ကရိုင်းမီးယားနှင့် ရုရှားအကြားရှိ ကတ်ခ်ျရေလက်ကြားကို ပိတ်ပင်ခဲ့သည်။ အကြောင်းမှာ ယူကရိန်းသင်္ဘောများသည် ရုရှားရေပိုင်နက်ထဲသို့ အခွင့်မရှိဘဲ ဝင်ရောက်လေ့ရှိသောကြောင့်ဟုဆိုသည်။

The Voice

0 comments:

Post a Comment