ဝန်ကြီးချုပ် ထရီဇာမေ၏ ဘရိတ်ဇစ် အစီအစဉ်သည် အမေရိကန် ယူကေ(ဗြိတိန်)ကုန်သွယ်မှုကို ထိခိုက်နိုင်သည်ဟု ဒေါ်နယ် ထရမ့်က မှတ်ချက်ပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဘရိတ်ဇစ် သဘောတူညှိနှိုင်းမှုသည် အီးယူအတွက် အဆင်ပြေပြီးအမေရိကန်နှင့် ယူကေကုန်သွယ်ရန် မဖြစ်နိုင်သည့် သဘောသက်ရောက်ကြောင်း သမ္မတ ထရမ့်က သတင်းထောက်များအား ပြောကြားသည်။
အိမ်ဖြူတော်အပြင်ဘက်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည့် ထရမ့်က “ဘရိတ်ဇစ်စာချုပ်ကို ကြည့်လိုက်ရင် ယူကေနဲ့ ကျုပ်တို့ ကုန်သွယ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို တွေ့ရတယ်။ ဒါက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာကိုစဉ်းစားလို့မရဘူး” ဟုပြောကြားသည်။
သို့ရာတွင် ထရီဆာမေ၏ ဒေါင်းနင်းလမ်းရုံး ပြောရေးဆိုခွင့်ရှိသူက ထရမ့်၏မှတ်ချက်ကို တုံ့ပြန်ရာတွင် တနင်္ဂနွေနေ့က သဘောတူညီခဲ့ကြသော ဘရိတ်ဇစ် နုတ်ထွက်မှုစာချုပ်အရ ယူကေသည် အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့်လည်း နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုစာချုပ်များ လက်မှတ်ထိုးနိုင်သည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အခုအချိန်အထိ ငါးကြိမ်တွေ့ဆုံပြီးဖြစ်တဲ့ ပူးတွဲလုပ်ငန်း ညှိနှိုင်းရေးအဖွဲ့တွေကတစ်ဆင့် အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူ စာချုပ်ညှိနှိုင်းဖို့ အခြေခံလုပ်ငန်းစဉ်တွေကို ချမှတ်ထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
တနင်္လာနေ့က လွှတ်တော်တွင် နှစ်ဖက်စလုံးမှအမတ်များ၏ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသော ဘရိတ်ဇစ်စာချုပ်ကို ထရီဇာမေက ယူကေ၏ဥပဒေများ၊ ပိုက်ဆံများ၊ နယ်စပ်များ ထိန်းချုပ်ခွင့် ပြန်လည်ရယူခြင်းဖြင့် ဗြိတိန်ပြည်သူများအတွက် ကောင်းကျိုးဆောင်ယူပေးသော သဘောတူညီချက်ဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့ပြီးနောက် အထက်ပါမှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဗြိတိန်လွှတ်တော်အမတ်များသည် အဆိုပါ ဘရိတ်ဇစ်သဘောတူစာချုပ်အား လက်ခံခြင်း ပြု၊ မပြုကို ဒီဇင်ဘာ ၁၁ ရက် တွင် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။
The Voice







0 comments:
Post a Comment