Tuesday, November 27, 2018

ထိုင်းရောက် မြန်မာလုပ်သား ၁၀၀ ကျော်၏ လွှဲငွေလိမ်ယူသည့် ဇနီးမောင်နှံကိုဖမ်းမိ


ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေသူ မြန်မာအလုပ်သမား တစ်ရာဦးကျော်မှ နေရပ်အသီးသီးသို့လွှဲပြောင်းပေးရန် အပ်နှံထားသည့်ငွေများကို လိမ်လည်ထွက်ပြေးသွားသည့် ထိုင်းစကားပြန်လုပ်ကိုင်နေသူ ဇနီးမောင်နှံအား မြဝတီမြို့ခံများ၏ အကူအညီဖြင့် နိုဝင်ဘာလ ၂၅ ရက် နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။ 
ယင်းအလုပ်သမားများ၏ တန်းလျားတွင်နေထိုင်ပြီး ထိုင်းစကားပြန်လုပ်သူ ထွန်းနိုင်ဝင်း(ခ)အရာ(ခ)ခေါလေးနှင့် အေးစုသွယ်တို့ ဇနီးမောင်နှံသည် အလုပ်သမားများထံမှ ထိုင်းဘတ်ငွေ ၁၅ သိန်းခွဲ (မြန်မာကျပ်ငွေ ၆၇၂ သိန်းကျော်)ကို ယူဆောင်ပြီး တိမ်းရှောင်သွားခဲ့သည့်အတွက် အလုပ်သမားများ၏ ကိုယ်စားလှယ် ဦးအောင်မျိုးလှိုင်က ထိုင်းနိုင်ငံ ဘော့ဝင်းရဲစခန်းသို့လည်းကောင်း၊ ထိုင်းရောက် အလုပ်သမားဖြစ်သူ ကိုရန်နိုင်လင်းနှင့် ကိုအောင်အောင်ဦးတို့နှစ်ဦးက မြဝတီမြို့ခံများဖြစ်သော ဦးသူရိန်မင်းထွန်း၊ ဦးထွန်းထွန်းနှင့် ဦးအောင်ဝင်းလှိုင်(ခ)အညာသားတို့ထံ လာရောက်အကူအညီတောင်းခဲ့ရာမှ ၎င်းတို့၏ကူညီစုံစမ်းမှုဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

လိုက်လံကူညီသူများက ငွေလိမ်လည်ယူဆောင်သွားသူ ဇနီးမောင်နှံမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဂွေးကုန်းကျေးရွာတွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့ကို မြန်မာငွေကျပ် ၁၁ သိန်းကျော်နှင့် ဆိုင်ကယ်တစ်စီးတို့နှင့်အတူဖမ်းမိခဲ့ကြောင်း လိုက်ပါကူညီသူများထံမှ သိရသည်။ 


ယင်းအမှုနှင့်ပတ်သက်၍ အလုပ်သမားများကိုယ်စား ထိုင်းနိုင်ငံ ကားတာယာစက်ရုံလုပ်သား ကိုရန်နိုင်လင်း (၂၅ နှစ်) က တရားလိုပြုလုပ်၍ နိုဝင်ဘာလ ၂၅ ရက်နေ့က မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည့်အတွက် မြဝတီမြို့မရဲစခန်းက ထွန်းနိုင်ဝင်း (ခ) အရာ (ခ) ခေါလေး (၂၀- နှစ်) နှင့် မအေးစုသွယ် (၃၅ နှစ်)တို့နှစ်ဦးကို (ပ) ၉၁၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၆/ ၄၂၀ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

The Voice 

0 comments:

Post a Comment