နှစ်သစ်ကူးည The One Entertainment ကလပ်တွင် ခိုက်ရန်ဖြစ်ရာမှ ထိုးကြိတ်ကန်ကျောက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သူ ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေပြီး နိုဝင်ဘာလ ၂၇ ရက်နေ့အထိ လိုပြသက်သေ ၁၅ ဦးကို စစ်ဆေးပြီးဖြစ်သောကြောင့် ယင်းအမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရန် တရားလိုပြသက်သေ ၆ ဦးသာ ကျန်ရှိတော့သည်။
အဆိုပါအမှုတွင် တရားလို အပါအဝင် လိုပြသက်သေ ၂၂ ဦးကို စစ်ဆေးမည်ဖြစ်သော်လည်း လိုပြသက်သေတစ်ဦးမှာ လေဖြတ်နေသောကြောင့် သက်သေစာရင်းမှ ပယ်ဖျက်လိုက်သဖြင့် ခြောက်ဦးသာ စစ်ဆေးရန် ကျန်ရှိတော့မည်ဖြစ်ပြီး ယင်းအမှုကို အပတ်စဉ် အင်္ဂါနေ့တိုင်း ရုံးထုတ်၍ စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းက ယင်းအမှုမှ လိုပြသက်သေနှစ်ဦးဖြစ်သော မျက်မြင်သက်သေ တစ်ဦးဖြစ်သူ ကိုကောင်းမြတ်လင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၄ ရပ်ကွက်မှ ရာအိမ်မှူး ဦးအုန်းသွင်တို့ကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။
မျက်မြင်သက်သေဖြစ်သူ ကိုကောင်းမြတ်လင်းမှာ ယင်းအမှုတွင် တရားစွဲဆို စစ်ဆေးခံနေရသော ကျော်ဇော (ခ) ကျော်ဇောဟန်၏ သူငယ်ချင်းဖြစ်ပြီး အခင်းဖြစ်ညက The One Entertainment ကလပ်တွင် ၎င်းမှာ ကျော်ဇောဟန်နှင့်အတူ ရှိနေပြီး VVIP စင်ပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်က ကျော်ဇောဟန်မှာ မပါဝင်ခဲ့ကြောင်းနှင့် ၎င်းကိုယ်တိုင် ကျော်ဇောဟန်၏ လက်ကိုဆွဲ၍ စင်ပေါ်မှဆင်းလာပြီး အတူပြန်လာခဲ့ကြကြောင်း ရုံးတော်ရှေ့ ထွက်ဆိုခဲ့သည်။
အဆိုပါအမှုတွင် ကျော်ဇောဟန်နှင့် သားကြီး (ခ) သန်းထွဋ်အောင်၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ သုံးဦးမှာ လူသတ်မှုဖြင့် တရားစွဲဆို စစ်ဆေးခံနေရပြီး ယင်းအမှုနောက်ကွယ်တွင် လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သူ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ခြောက်ဦးမှာ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသည်။
The Voice






0 comments:
Post a Comment