Friday, November 2, 2018

အဂတိအမှုဖွင့်ခံရသော ကျေးလက်လမ်းဦးစီးမှူး ထွက်ပြေး

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဖမ်းဆီးမခံဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း အဆိုပါအမှုကို လက်ခံဖွင့်လှစ်ပေးထားသည့် မြစ်ငယ်နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။ 
“စာရေးဖြစ်တဲ့ ဒေါ်သူဇာကိုတော့ ဖမ်းဆီးထိန်းသိမ်းထားပြီးပါပြီ၊ ဒုညွှန်ကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ သူ့အိမ်မှာလည်း မတွေ့ဘူး။ ကျွန်တော်တို့ ရှာမရသေးပါဘူး” ဟု အဆိုပါအရာရှိက ပြောဆိုသည်။ 

တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြစ်ငယ်မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းကို ဦးစီးဆောင်ရွက်သူ ဒုညွန်မှူး (တိုင်းဦးစီး) ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့သည် တင်ဒါအောင်ကုမ္ပဏီများထံမှ ရုံးအသုံးစရိတ်၊ ငွေထုတ်စရိတ်ဟုဆိုကာ ငွေကြေးတောင်းယူကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရဲစခန်းတွင် အောက်တိုဘာလ ၃၁ ရက် နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းက ကျေးလက်လမ်းလုပ်ငန်းများ တင်ဒါခေါ်ယူရာတွင် ကုမ္ပဏီများထံမှ ငွေကြေးကောက်ခံခြင်းနှင့် လာဘ်ငွေရယူခြင်းအပေါ် စစ်ဆေးတွေ့ရှိချက်နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးအပ်လာသည့်အတွက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့သည် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ တင်ဒါအောင်မြင်သော ကုမ္ပဏီခြောက်ခုထံမှ ကျပ်သိန်းတစ်ရာကျော်ကို ရုံးစရိတ်/ ငွေထုတ်စရိတ်ဟုအကြောင်းပြကာ တောင်းယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြေညာထားသည်။ 

ယင်းသို့လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခဲ့သည့်အတွက် ဒုညွှန်ကြားရေးမှူးနှင့် ဌာနခွဲစာရေးတို့ကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆၊ ဌာနခွဲစာရေး ဒေါ်သူဇာကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ တို့ဖြင့် မြစ်ငယ်ရဲစခန်းက အမှုဖွင့်ပေးထားသည်။

The Voice

No comments:

Post a Comment