Friday, November 2, 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုပ္ပားတောင်စိမ်းလန်းစိုပြည်ရေး လာရောက်စစ်ဆေး


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်းက ပေ ၂၄၀၀ ကျော်မြင့်သော ပုပ္ပားတောင်ကလပ်သို့ ရောက်ရှိလာခဲ့ပြီး ပုပ္ပားတောင် ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုကို လာရောက်စစ်ဆေးခဲ့ကြောင်း အဆိုပါခရီးစဉ်တွင်ပါဝင်ခဲ့သူများထံမှ သိရသည်။ 
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၃၁ ရက်နေ့ ညဦးပိုင်းက ၎င်းပိုင်သည့် ပုပ္ပားခြံသို့ ရောက်ရှိပြီး နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပုပ္ပားတောင်ကလပ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

“နိုင်ငံရေးခရီးစဉ်မဟုတ်ဘူး။ အားလပ်ရက် ဘုရားဖူးလာတဲ့ပုံစံပါ။ ကျွန်တော်နားလည်တာ ကျွန်တော်သိတာ ပြောပြတာပါ” ဟု ကျောက်ပန်းတောင်းမြို့နယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးက ပြောကြားသည်။ 

အဆိုပါခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များအသင်း၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ပုပ္ပားဒေသစိမ်းလန်းစိုပြည်ရေးနှင့် ပုပ္ပားဒေသကို အမိကမ္ဘာစခန်းသာ (Geo Park) ဖြစ်အောင် ဆောင်ရွက်လိုသော အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များကို နားထောင်သွားကြောင်း ကျောက်ပန်းတောင်းမြို့နယ်မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။ 

“ကျွန်တော်တို့ဆီမှာ ကျောက်ဖြစ် ရုပ်ကြွင်းနဲ့ပတ်သက်တဲ့ ဆင်စွယ်ရိုးတွေ ဒီမှာတွေ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ သန်းလောက်ကဟာတွေ ဒီမှာတွေ့တယ်ဆိုတာကို ဘူမိဗေဒပညာရှင်တွေက အမေစုကိုတင်ပြတာပါ။ ဒီမှာ Geo Park လုပ်ဖို့ပေါ့။ ဒီကို နိုင်ငံခြားသားတွေလာမယ်ပေါ့။ ဒီလိုလုပ်မယ်ဆိုတော့ ဘတ်ဂျက်လိုသေးတာ။ ဒါကြောင့် အမေစုကို တင်ပြတာပါ။ ဒါကို သူကလက်ခံတယ်” ဟု ၎င်းက ပြောဆိုသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ပြီးခဲ့သော ဩဂုတ်လ ၉ ရက်နေ့က ပခုက္ကူမြို့တွင် ဒေသခံပြည်သူများနှင့် ပြုလုပ်ခဲ့သော စကားဝိုင်း Peace Talk ခရီးစဉ်အပြီး ညနေပိုင်းတွင်လည်း ပုပ္ပားသို့ အလည်ရောက်ရှိပြီး ဒေသခံများနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သေးသည်။ 

“တောအကြောင်း တောင်အကြောင်း နတ်ကိုးကွယ်မှုအကြောင်း နတ်တွေရဲ့အကြောင်းတွေကို နည်းနည်းပါးပါး မေးပါတယ်။ ကျွန်တော်တို့က တောင်ပေါ်တက်တာကို အသွားအပြန် လိုက်ပို့ခဲ့ပါတယ်။ လန်းလန်းဆန်းဆန်းပါပဲ” ဟု ပုပ္ပားတောင်ချစ်သူများအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းဆွေကပြောကြားသည်။ 

ပုပ္ပားဒေသကို Geo Park အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လွန်ခဲ့သောနှစ်များစွာကတည်းက ကြိုးပမ်းနေခြင်းဖြစ်ခဲ့ပြီး ယူနက်စကိုသို့လည်း လွန်ခဲ့သည့်တစ်နှစ်ကတည်းက တင်ထားပြီးဖြစ်သည်။ 

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုပ္ပားတောင်မကြီးသည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၉၈၁ ပေခန့် မြင့်မားပြီး တောင်မကြီး၏ တောင်ဘက်တွင် ၂၄၁၇ ပေမြင့်သော ပုပ္ပားတောင်ကလပ်ရှိသည်။ 

ပုပ္ပားတောင်ဒေသသည် သစ်ပင်သစ်တောနှင့် သဘာဝပေါက်ပင်များ၊ တောင်ကိုအမှီပြု၍ ရှင်သန်နေသော ဇီဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကြောင့် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားရာနေရာလည်း ဖြစ်သည်။

The Voice

No comments:

Post a Comment