Tuesday, November 27, 2018

ဧရာဝတီတိုင်း စည်ပင်ညွှန်ကြားရေးမှူးနေရာ ၇ လကျော်အကြာတွင် ခန့်အပ်

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တွင် လစ်လပ်နေသော ညွှန်ကြားရေးမှူးနေရာကို ၇ လကျော်အကြာ နိုဝင်ဘာလ ၂၆ ရက်၌ တိုင်းအစိုးရက အတည်ပြု ပြန်လည်ခန့်အပ်ခဲ့သည်။ 
ညွှန်ကြားရေးမှူးကို အတည်ပြုခန့်ထားနိုင်ရေးအတွက် အရည်အချင်းစိစစ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လုပ်သက်၊ လူတွေ့စစ်ဆေးမှုရမှတ်၊ တိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများကို စီမံဆောင်ရွက်မည့် စာတမ်းပြုစုမှုများအပေါ် အရည်အချင်းနှင့် ကိုက်ညီသည့် စည်ပင်အရာထမ်း ၅ ဦးအနက် ဦးဖုန်းလွင်ကိုရွေးချယ်ခဲ့ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။ 

ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့၏ ယခင်က ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်သည် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်းများကို ချိုးဖောက်ခဲ့သဖြင့် တိုင်းအစိုးရအဖွဲ့၏ ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အရ ညွှန်ကြားရေးမှူး ရာထူးနေရာ လစ်လပ်နေခြင်းဖြစ်သည်။ 

ယခုတာဝန်ပေးလိုက်သော ညွှန်ကြားရေးမှူး ဦးဖုန်းလွင်မှာ စည်ပင်ဝန်ထမ်း ၂၃ နှစ်ရှိပြီး ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် ၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးရုံးထံမှ သိရသည်။ 

“ကျွန်တော်တို့မြို့နယ်က အမှုဆောင်အရာရှိကို တိုင်းစည်ပင်ညွှန်မှူးအဆင့်တိုးပေးတာ ဝမ်းသာပါတယ်။ သူက စည်ပင်လုပ်ငန်းတွေအတွက် အားကိုးရတဲ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်တဲ့အတွက် မြို့နယ်အတွက် အားနည်းသွားပေမယ့် တိုင်းဒေသကြီးအတွက်တော့ ကောင်းမွန်တဲ့ရလဒ်တွေ ဖြစ်လာမယ်လို့ သုံးသပ်ရပါတယ်”ဟု ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦးက မှတ်ချက်ပြုသည်။ 

The Voice

0 comments:

Post a Comment