ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ မြစေတီနှင့် မနူဟာဘုရားဂေါပကအဖွဲ့များကို ပြန်လည်ရွေးချယ်ဖွဲ့စည်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောကြားသည်။
“အရင်တုန်းက ဘယ်နှနှစ်သက်တမ်းဆိုတာ မရှိဘူး။ ရာသက်ပန်လိုဖြစ်နေတာပေါ့။ အဲဒီမှာ တိုင်ကြတာတွေ ရှိလာတယ်။ ဒီအခါမှ ဂေါပကစည်းမျဉ်းစည်းကမ်းအရ လေးနှစ်တစ်ကြိမ် ပြန်ရွေးမယ်။ စခန့်တဲ့အချိန်ကနေစပြီး လေးနှစ်ပြည့်တာနဲ့ ပြန်ရွေးပေါ့။ အခုကတော့ စိစစ်တဲ့လုပ်ငန်းတွေ လုပ်နေတယ်”ဟု ၎င်းကပြောဆိုသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားများအနက် ဘုရား ၁၇ ဆူတွင် ဂေါပကအဖွဲ့များရှိရာ ယင်းဘုရားများမှ ဂေါပကအဖွဲ့များ ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းကို ဇန်နဝါရီလက စ၍ လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်ထိ ဘုရားခြောက်ဆူတွင် ဂေါပကအဖွဲ့များ ဖွဲ့စည်းပေးပြီးကြောင်း ဦးခင်ဇော်က ရှင်းပြသည်။
“ကျွန်တော်တို့ စာရင်းတော့ ခေါ်ထားတယ်။ အတည်ပြုစာတွေတော့ ပြန်မချသေးဘူး။ ခေါ်မေးတာလည်း ပြီးခဲ့တဲ့အပတ်က လုပ်ထားပါတယ်”ဟု လက်ရှိ မနူဟာဘုရားဂေါပကအဖွဲ့ဝင် ဦးမောင်ပိုက်က ပြောကြားသည်။
ဂေါပကအဖွဲ့များ ပြန်လည်ရွေးချယ်ရာတွင် ခရိုင်သာသနာရေးမှူးဦးဆောင်သည့် ကြီးကြပ်ရေးအဖွဲ့က လျှောက်လွှာများခေါ်ယူပြီး ရရှိလာသည့် လျှောက်လွှာများကို မြို့နယ်သံဃနာယကထံသို့ ပေးပို့ကာ မြို့နယ် သံဃနာယကနှင့် သက်ဆိုင်ရာဘုရားများမှ သြဝါဒါစရိယဆရာတော်များက စိစစ်ရွေးချယ်ရခြင်းဖြစ်သည်။
The Voice






0 comments:
Post a Comment