Thursday, November 1, 2018

ယခုလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းနှင့် မိုးလွန် မုန်တိုင်းများ ဖြစ်ပေါ်နိုင်သဖြင့် အခါလွန်မိုးများ ဆက်လက် ရွာသွန်းနေမည်ဖြစ်


ယခုလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများနှင့် မိုးလွန် မုန်တိုင်းများ ဖြစ်ပေါ်နိုင်သဖြင့် အခါလွန်မိုးများ ဆက်လက် ရွာသွန်းနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 
“ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းကနေ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ခဲ့သလို နိုဝင်ဘာလအတွင်းမှာလည်း လေဖိအားနည်းရပ်ဝန်းများနဲ့ မိုးလွန် မုန်တိုင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် အခါလွန်မိုးတွေ ဆက်လက် ရွာသွန်းနိုင်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ထို့ပြင် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများနှင့် အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်များကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်မှ ရွေ့လျားလာသည့် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ မြန်မာနိုင်ငံသို့ ရွေ့လျားလာနိုင်သည့် အခြေအနေများကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ မကြာခဏ ဖြတ်သန်းလာတတ်သည့် အနောက်ဘက်မှ ရွေ့လျားလာသည့် လေဖိအားနည်း ချိုင့်ဝှမ်းများကြောင့် မြန်မာနိုင်ငံ နေရာအနှံ့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။ 

“မိုးရာသီ ကုန်ဆုံးပြီး ဆောင်းရာသီကို ဝင်ရောက်ပြီ ဖြစ်တဲ့အတွက် တရုတ်ပြည်မကြီးကနေ အားကောင်းတဲ့ လေဖိအားများရပ်ဝန်းတဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အရပ်ရပ်မှာ ညအပူချိန်တွေ လျော့နည်း လာနိုင်ပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ 

နိုဝင်ဘာလတွင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာလပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။ 

ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ 

မိုးရွာသွန်းမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် ရွာနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရှိနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ခြောက်ရက်မှ ၁၀ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၅ ရက်ခန့်အထိ ရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ 

ညအပူချိန်များ အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။ 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၅ ရက်မှ ၂၂ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၇ ရက်မှ ၁၄ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ကြောင်း မိုးဇလ၏ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

Eleven Media Group 


No comments:

Post a Comment