ရာသီတုပ်ကွေးဖျားနာမှု ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ဖျားနာမှု ထပ်မံဖြစ်ပွားနေပြီး ကလေးငယ်လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
နန်းယွန်းမြို့နယ် ရန်နောနုတ်ညိုကျေးရွာတွင် အောက်တိုဘာ ၃၀ ရက်စတင်၍ တစ်ရွာလုံးနီးပါး ဖျားနာခဲ့ကြပြီး အသက် နှစ်နှစ်အောက် ကလေးငယ်များမှာ ဖျားနာမှုပိုမိုခံစားနေရကြောင်း ဒေသခံ ကိုလော်တူး၏ ပြောကြားချက်အရ သိရသည်။
“အောက်တိုဘာ၂၉ ရက်က အသက် နှစ်လခွဲ ကလေးယောက်ျားလေးတစ်ယောက် သေတယ်။ ၃၀ ရက်က အသက် ၁၀ နှစ်အရွယ် ကလေးမတစ်ယောက်သေတယ်။ ၃၁ ရက်က တစ်ယောက်သေတယ်။ ရန်နောနုတ်ညိုမှာ သုံးယောက်သေတယ်။ ချွန်းစာနုတ်ညိုမှာလည်း ကလေးတစ်ယောက် ဒီနေ့သေတယ်။ အရင်ဖျားနာသလိုပဲ ဖျားတယ် ချောင်းဆိုးတယ် အဓိက သူတို့က အသက်ရှူမဝတာပေါ့။ အခု ရန်နောနုတ်ညိုမှာဖြစ်တဲ့ဟာကို ဟချွန်း စာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနက နေပြီးတော့ ကျန်းမာရေးဆရာမတစ်ယောက် မနေ့ကပဲ လွှတ်လာတယ်။ လွှတ်လာတော့ ကလေး ငါးယောက်ထဲက နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေလို့ ဒုံဟီးတိုက် နယ်ဆေးရုံကို လွှဲထားတယ်။ ဒုံဟီးဘက်က ပိုနီးလို့လေ။ အခု ရန်နောနုတ်ညို ဆေးပေးခန်းမှာ ၃၀ ရက်နေ့က လူနာ ၄၅ ယောက် ဆေးခန်းလာပြတယ်။ အခုချိန်ထိပြထားတာ က ၂၉ ယောက်ရှိတယ်။ တစ်ရွာလုံးနီးပါးပေါ့။ အဓိကတော့ ကလေးငယ်တွေပါ။ နှစ်နှစ် အောက် ကလေးပေါ့။ နန်းယွန်းမြို့နယ် တိုက်နယ်ဆေးရုံကနေ လိုအပ်တဲ့ဆေးဝါးတွေလာပို့ထားပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ NLD ပါတီကလည်း လာကြည့်သွားပြီး သေဆုံးတဲ့ ကလေးမိသားစုနဲ့ ဆေးရုံပို့မယ့် ကလေးတွေကို ကျပ် ၅၀၀၀၀ စီ လာထောက်ပံ့ပေးသွားပါတယ်” ဟု ကိုလော်တူးက ဆိုသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်ကပင် နှစ်စဉ်ဖျားနာမှုများဖြစ်ပွားခဲ့ပြီး သေဆုံးသည်အထိ ဖြစ်ပွားခဲ့ကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဆေးရုံဆေးပေးခန်းများ အဓိကလိုအပ်နေကြောင်း သိရသည်။
“နာဂဒေသမှာ နစ်စဉ်နှစ်တိုင်းလိုလိုပဲ ကျန်းမာရေးပြဿနာဖြစ်တယ်။ ကလေးတွေ သေဆုံးမှ ကျွန်တော်တို့သိရတယ်။ ကျွန်တော်တို့ဆီမှာက ဆေးရုံ၊ ဆေးပေးခန်းတွေ အရမ်းလိုအပ်တယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေး၊ မရတဲ့ကျေးရွာတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေအောင် လုပ်ပေးစေချင်တယ်။ ဆေးရုံဆေးပေးခန်းတွေ၊ ကာကွယ်ဆေးတွေ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ပံ့ပိုးပေးစေချင်ပါတယ်” ဟု ကိုလော်တူးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် သြဂုတ် ၁၈ ရက်မှ စက်တင်ဘာလ ၁၅ ရက်အတွင်း ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာ ခံစားခဲ့ရသဖြင့် ဟဟောင်ကျေးရွာ၊ ဝန်ရုတ် ကျေးရွာ၊ ရှန်ဟဲနုတ်ညိုကျေးရွာ၊ ရှန်ဟဲပေါ် ကွန်ကျေးရွာ၊လန်းပန်းကျေးရွာ၊ ဟချွန်းဆာ ကျေးရွာ၊ ရန်နောစန်ရီကျေးရွာ စသည့် ခုနစ် ရွာတို့မှ အိမ်ထောင်စု ၆၃၉ စု ၊လူဦးရေ ၂၁၃၁ ဦးတွင် ဖျားနာသူ ၁၃၈၆ ဦး ၊ သေဆုံးသူ ခုနစ် ဦးရှိကြောင်း နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်၏ ပြောကြားချက်အရ သိရသည်။
Eleven Media Group


No comments:
Post a Comment