ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် နိုဝင်ဘာ ၃ ရက်နေ့ကပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါက်တာအေးမောင်၏သားဖြစ်သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်းအနိုင်ရရှိသွားကြောင်း သိရသည်။
ဦးတင်မောင်ဝင်းသည် မဲပေါင်း ၂၄၄၁၇ ဖြင့် သူ၏ပြိုင်ဘက် ၃ ဦးကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
"ကျနော်တို့ သူ့အတွက် မဲဆွယ်စည်းရုံးရေးတွေမှာ ပင်ပန်းခံရကျိုးနပ်ပါတယ်။ မျှော်လင့်ထားသလိုဖြစ်လာတော့ ပျော်မိပါတယ်"ဟု ဦးတင်မောင်ဝင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဦးတင်မောင်ဝင်းနှင့်ပြိုင်ဘက်များဖြစ်သော ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်မှာ မဲအရေအတွက် ၃၇၉၄ မဲဖြင့် ဒုတိယနေရာတွင်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးခင်သန်းမောင်မှာ ၉၄၆ မဲဖြင့် တတိယနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသိန်းမောင်မှာ ၅၇၂ မဲဖြင့် စတုတ္ထနေရာ ရရှိခဲ့ကြသည်။
အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းအား မဲအနိုင်ရရှိမှုနှင့်ပတ်သက်ပြီး မေးမြန်းရန်ဆက်သွယ်သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ရခိုင်ပြည်နယ်လွှတ်တော်အတွက် လစ်လပ်နေသည့် ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲအတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၅ သောင်းကျော်ရှိခဲ့သော်လည်း အမှန်တကယ်မဲပေးခဲ့သူမှာ ၃ သောင်းကျော်သာရှိခဲ့ကြောင်းလည်း သိရသည်။
#CentralNewsMyanmar
#RakhineNews







0 comments:
Post a Comment