ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် ဘင်္ဂါလီကျေးရွာများ မချဘဲ တိုင်းရင်းသားကျေးရွာများချထားရန် မောင်တောမြို့နယ်အပါအဝင် မြို့နယ် ၃ ခုမှ ဒေသခံများ ဆန္ဒပြတောင်းဆိုလိုက်ကြောင်း သိရသည်။
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ဒေသခံ ၁ ထောင်ကျော်သည် နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် မောင်တောမြို့ပေါ်တွင် လမ်းလျှောက်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
"ဒီဘင်္ဂါလီတွေကို အဲဒီမှာထားလိုက်ရင် အကြမ်းဖက်မှုတွေဖြစ်လာမှာပဲ။ သူတို့တွေကြောင့် ကျမတို့ ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်ရပေါင်း မနည်းတော့ဘူး။ ဒါကြောင့် သူတို့တွေကို ဒီမှာ မထားချင်တာ"ဟု ဆန္ဒပြရာတွင်ပါဝင်သည့် မောင်တောမြို့မှ ဒေါ်စိန်လှဖြူက ပြောသည်။
ယင်းနေ့က ဆန္ဒပြရာတွင် မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်နယ်တွင် ဘင်္ဂါလီကျေးရွာများ မချထားရေးအပါအဝင် အကြမ်းဖက်ကင်းစင်ပြီး တရားဥပဒေစိုးမိုးရေး၊ မောင်တောတောင်ပိုင်းတွင် တိုင်းရင်းသားကျေးရွာသစ်များ ချထားရေးနှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်ဘင်္ဂါလီများအား သက်ဆိုင်ရာက အမြန်ဆုံး ဖော်ထုတ်ပေးရေးစသည့်အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
မောင်တောဒေသတွင် ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ဘင်္ဂါလီများအား မောင်တောမြို့နယ်တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်များတွင် ပြန်လည်နေရာချထားပေးရန် အစိုးရက စီစဉ်နေသည့်အတွက် ယင်းအစီအစဉ်ကို လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
#CentralNewsMyanmar
#RakhineNews







0 comments:
Post a Comment