Thursday, November 1, 2018

မကြာမီကာလအတွင်း တောင်ကိုရီးယားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သွားမည်


ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် သံတမန်ရေးရာ အားထုတ်မှုတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်သို့ များမကြာမီကာလမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လာရောက်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ကြေညာလိုက်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က တောင်ကိုရီးယား ပါလီမန် မစတင်မီ မိန့်ခွန်းပြောကြားရာမှာ သမ္မတမွန်ဂျေးအင်က ယခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ 
စက်တင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံပြုံးယမ်းမှာ သမ္မတမွန်ဂျေးအင်နဲ့ ကင်ဂျုံအန်တို့ တွေ့ဆုံရာမှ တောင်ကိုရီးယားကို လာရောက်ဖို့ ကင်ဂျုံအန်က ကတိပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲဖြစ်မြောက်ဖို့ကလည်း လက်တစ်ကမ်းအကွာမှာရှိနေပြီး တရုတ်သမ္မတရှီကျင်းပင်ကလည်း မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းကို မကြာမီသွားရောက်ဖွယ်ရှိတယ်လို့ ၎င်းက ပြောပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ရုရှားနိုင်ငံကိုလည်း မကြားမီသွားရောက်နိုင်ဖွယ်ရှိသလို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ မွန်ဂျေးအင် က ပါလီမန်မှာ ပြောပါတယ်။ တကယ်လို့ ကင်ဂျုံအန်ရဲ့ တောင်ကိုရီးယားခရီးစဉ်ဖြစ်ပေါ်ခဲ့ရင်တော့ ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံမြို့တော်ကို ပထမဆုံးလာရောက်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦး ဖြစ်လာမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ၎င်းရဲ့ပန်ဂိုင်ရီနျူကလီးယား စမ်းသပ်စခန်းနဲ့ ဆိုဟေး ဒုံးပျံပစ်လွှတ်စင်တွေကို ဖြစ်လာနိုင်တဲ့ စစ်ဆေးမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ယွန်ဟက်သတင်းဌာနက အောက်တိုဘာ ၃၁ ရက်မှာ ဖော်ပြထားပါတယ်။ 

ညီဘွား (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment