Thursday, November 1, 2018

အတိုက်အခံ မလုပ်တတ်ခြင်းမဟုတ်ဘဲ အတိုက်အခံဘ၀၌ နမူနာ နေပြခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆို


အတိုက်အခံ မလုပ်တတ်ခြင်း မဟုတ်ဘဲ နောင်တစ်ချိန် မိမိတို့အစိုးရ ဖြစ်ပါက အတိုက်အခံ မည်ကဲ့သို့ လုပ်ရမည်ကို ပြသလိုသည့် သဘောဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး က မအူပင်မြို့နယ် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားလိုက်သည်။ 
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်ခဲနက်အနိုင်ရရှိ၍ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်မူ ရှုံးနိမ့်ခဲ့၍ အတိုက်အခံပါတီအဖြစ်ရပ်တည်ခဲ့သည်။ 

“ တချို့တွေက ကျွန်တော်တို့ကို အတိုက်အခံ မလုပ်တတ်ဘူးပြောလွန်းလို့။ အတိုက်အခံ မလုပ်တတ်ခြင်းမဟုတ်ပါ။ စည်းနဲ့ကမ်းနဲ့ မည်ကဲ့သို့နေရတယ်ဆိုတာ အတိုက်အခံဘ၀မှာ နမူနာ ပြနေတာ။ နောင်တစ်ချိန်ကိုယ်ပြန် အစိုးရ ဖြစ်ရင်လည်း အဲဒီ အချိန် အတိုက်အခံဖြစ်လာမယ့် ပုဂ္ဂိုလ်တွေ ကို မင်းတို့ကြည့် တို့တုန်းက ဘယ်လိုလုပ်လဲဆိုတာ။ အဲဒီ အတိုင်း လုပ်လို့ပြောရမယ်’’ဟု ဦးသန်းဌေးက ပြောသည်။ 

ပြည်သူများအားလုံးအနေဖြင့် စည်ကမ်းနှင့်နေထိုင်တက်ရန် ပြည်ခိုင်ဖြိုးပါတီအစိုးရ လက်ထက်တုန်းကလည်း လေ့ကျင့်ပေးခဲ့ကြောင်း၊ ယခု အတိုက်အခံ ဘ၀တွင်လည်း ပြည်ခိုင်ဖြိုးပါတီသည် စည်းကမ်းနှင့်အညီ နေထိုင်ခဲ့ကြောင်း၊ ၄င်းအပေါ် ပြည်သူလူထု အနေဖြင့် ကိုယ့်ဘာသာ နှိုင်းယှဉ်ရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းအနေဖြင့် ရပ်တည်ခဲ့ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုအပြီးတွင် ပါတီအတွင်း ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment