ရန်ကုန်ကျောင်းကားအသင်းသည် တရားဝင် မှတ်ပုံတင်ခွင့်ပြုရန် နှစ်လကြာ လျှောက်ထားခဲ့သော်လည်း ယနေ့အချိန်အထိ မှတ်ပုံတင်ခွင့်ပြုချက် မကျသေးကြောင်း ရန်ကုန်ကျောင်းကားအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်ကျောင်းကားအသင်းမှ တာဝန်ရှိသူများက တရားဝင်မှတ်ပုံတင်ခွင့်ရရှိရန် အောက်တိုဘာလ ၁ ရက်က တင်ပြခဲ့ပြီး ကျောင်းကေားပြေးဆွဲရန် သတ်မှတ်ထားသည့် အချက် ၁၂ ချက်ဖြင့် ကိုက်ညီသည့်ကားများ ပါဝင်သည့် ယင်းအသင်းအနေနှင့် အသင်းအဖွဲ့မှတ်ပုံတင်ကျရန် စောင့်ဆိုင်းနေသော်လည်း ထူးခြားမှုမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ရန်ကုန်ကျောင်းကားအသင်း တရားဝင်မှတ်ပုံတင်ပေးရမှာက လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ သူက ဥက္ကဋ္ဌ၊ သူ ပေးရမှာ။ သူ့ကိုမေးကြည့်တော့ သူ ဝန်ကြီးချုပ်ကို ထပ်တင်ထားတယ်။ ဝန်ကြီးချုပ်ဆီက ခွင့်ပြုမှရမယ် ပြောတယ်။ တချို့အဖွဲ့က လူတွေကလည်း စောင့်ရင်းနဲ့ မစောင့်နိုင်ကြတော့ဘဲ မတင်တော့ဘူးပြောကြတယ်။ အခုအထိမကျသေးတော့ အောက်ခြေမှာ လုပ်ရခက်နေတယ်။ အသင်းအနေနဲ့ကတော့ အခုအထိ စောင့်ဆိုင်းနေတယ်”ဟု ၎င်းကဆိုသည်။
ရန်ကုန်ကျောင်းကားအသင်းမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားပြေးဆွဲရေးနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ အောက်တိုဘာလ ၂၂ ရက်တွင် သွားရောက်တင်ပြခဲ့ပြီး ယင်းကျောင်းကားအသင်းများအနေနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီနှင့်တွေ့ဆုံရန် တင်ပြထားသော်လည်း တွေ့ခွင့်မရသေးကြောင်း ရန်ကုန်ကျောင်းကားအသင်းထံမှ သိရသည်။
“သူတို့က စီးပွားရေးအသင်းအဖွဲ့ပုံစံမျိုးဆိုတော့ အသင်းအဖွဲ့ မှတ်ပုံတင်မျိုးလို ဥပဒေအရ လူမှုရေးစိတ်နဲ့ လုပ်လို့မရဘူး။ စီးပွားရေးအသင်းအဖြစ် ရပ်တည်ရမှာပါ။ သူတို့တင်ထားတဲ့စာကို သက်ဆိုင်ရာဌာနကို ပြန်ဖြန့်ဖို့ လုပ်နေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားသော ကျောင်းကားအစီး ၂၀၀ အနက်မှ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ကမာရွက်တွင် ၂၉ စီး၊ ပညာရေးကောလိပ် လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်းတွင် ၂၇ စီး၊ စုစုပေါင်း ၅၆ စီးနှင့် အရန်ယာဉ်အဖြစ် ၉ စီး၊ ၆၅ စီးကို ကျောင်းနှစ်ကျောင်းကိုသာ ပြေးဆွဲပေးလျက်ရှိနေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာလ ၅ ရက်က ရန်ကုန်တိုင်းလွှတ်တော်၌ ဖြေကြားထားသည်။
“အခုလက်ရှိ ကမာရွက်နှင့် ရန်ကင်း TTC ကျောင်းများတွင် ဇွန်လမှစတင်ကာ School Bus ၆၅ စီးကို ပြေးဆွဲနေပြီး ၂၈ စီး School Bus နှင့် ၁၅ ယောက်စီး School Ferry များ၏ ကျောင်းကားဖယ်ရီခဈေးနှုန်းတွေက သုံးသောင်းမှ ငါးသောင်းခွဲအထိ ဈေးနှုန်းရှိကြောင်း အဆိုပါကျောင်းများ၌ ကျောင်းကားပြေးဆွဲသူများထံမှ သိရသည်။
The Voice
No comments:
Post a Comment