တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေ့ဘက် ဓာတ်ချောင်းကျေးရွာနှင့် လဟာမငယ် ကျေးရွာတို့၌ နိုဝင်ဘာ ၂၅ ရက်နေ့ကစ၍ တောဆင်ရိုင်းများ ဝင်ရောက်နေခြင်းကြောင့် ဒေသခံကျေးရွာသားများ ညဘက်တွင် အလှည့်ကျ ကင်းစောင့်နေရကြောင်း အဆိုပါကျေးရွာဒေသခံများထံမှ သိရသည်။
“တောဆင်တွေက ည ၇ နာရီ လောက်ဆို ရောက်လာတာ။ အိမ်တွေကို ဖျက်ဆီးတာတော့ မရှိသေးဘူး။ အိမ်တွေ ထဲဝင်ပြီးအစာရှာမှာ စိုးရိမ်တာ။ ရွာမှာက ကလေးတွေရော သက်ကြီးရွယ်အိုတွေ ရောရှိတော့ တောဆင်ရိုင်းတွေ ဝင်လာပြီဆို သံဗုံးတွေတီးရတယ်။ လင့်စင်ပေါ်ကနေ အသံပေးရတယ်။ တစ်ညကိုငါးယောက်စီ အလှည့်ကျ ဆင်ကင်းစောင့်ရတယ်”ဟု ဓာတ်ချောင်းကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
တောဆင်ရိုင်းအုပ်သည် နှစ်ကောင်မှ ငါးကောင်အထိရှိနေပြီး ဓာတ်ချောင်းကျေးရွာနှင့် လဟာမငယ်ကျေးရွာတို့မှ ဖြတ်သန်းသွားလာလေ့ရှိပြီး ကြံခင်းများနှင့်ငှက်ပျောစိုက်ခင်းများတွင် ဝင်ရောက်စားသောက်လေ့ရှိကြောင်း၊ တစ်ခါတစ်ရံတွင် ကျေးရွာအတွင်းရှိ နေအိမ်များသို့ဝင်ကာ ဆန်၊ ဆားနှင့် ငါးပိတို့ကို ရှာဖွေစားသောက်လေ့ရှိကြောင်း လဟာမငယ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ဖြည့်စွက်ပြောဆိုသည်။
“တောဆင်တွေက အချိန်မှန်ရောက် လာတာ။ ရွာလယ်လမ်းအတိုင်းဖြတ်သွားပြီး မနက် ၃ နာရီလောက်ဆိုရင် လာလမ်းအတိုင်းပြန်တယ်။ တောဆင်တွေက ခွေးဟောင်ရင်မကြိုက်ဘူး၊ ဟောင်ရင် ခွေးနောက်ကိုလိုက်တော့တာပဲ။ ခွေးတွေကအိမ်ထဲကိုဝင်ပြေးရင် အဲဒီအိမ်ကိုပါ ဖျက်တော့တာပဲ။ အဲဒါကြောင့် ကျွန်တော်တို့ရွာတွေမှာ ခွေးမမွေးရဲဘူး”ဟု ဓာတ်ချောင်းကျေးရွာမှ ဆယ်အိမ်မှူး ဦးချိုက ပြောကြားသည်။
တောဆင်ရိုင်းများဝင်ရောက်လာကြောင်း ဒေသခံများအကြောင်းကြားပါက မြိုင်ဟေဝန်ဆင်စခန်းမှဆင်များဖြင့် ခြောက်မောင်းပေးလေ့ရှိကြောင်း၊ လတ်တလောတွင် ဓာတ်ချောင်းကျေးရွာနှင့် လဟာမငယ်ကျေးရွာတို့မှ အကြောင်းကြားခြင်းမရှိသေးကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
The Voice







0 comments:
Post a Comment