ပဲခူးတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၏ တာဝန်များအနက် စည်ပင်သာယာရေးဌာနကို အခြားဝန်ကြီးဌာနတစ်ခုထံ လွှဲအပ်မည့်ကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၇ ရက်ကကျင်းပသည့် အရေးပေါ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသော်လည်း အဖြေမထွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ယင်းအဆိုကို အောက်တိုဘာလ ၁၇ ရက်နေ့နံနက်ကကျင်းပခဲ့သည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့ခြင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြခြင်းဖြစ်သည်။
စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနသည် တာဝန်များပြီး မတူညီသည့် ဌာနနှစ်ခုကို ကိုင်တွယ်ဦးဆောင်နေရခြင်းကြောင့် စည်ပင်သာယာရေးဌာနကို သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံလွှဲပြောင်းပေးအပ်လိုကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်က အဆိုပြုလာခြင်းကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဝန်ကြီးဟောင်းနှစ်ဦးနှင့် အခြားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့က ကန့်ကွက်ခဲ့ကြပြီး ယင်းကိစ္စကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
“သယံဇာတသစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက တာဝန်ကြီးအရေးပါသလို စည်ပင်ဌာနဆိုတာလည်း အရေးပါတယ်။ လုပ်ရင်လုပ်နိုင်သလောက် တာဝန်ကြီးတဲ့ဌာနတွေဖြစ်လို့ ကန့်ကွက်ရတာပါ”ဟု စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်းလည်းဖြစ်သည့် လက်ရှိတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လွင်က ပြောကြားသည်။
ယင်းသို့ဝန်ကြီးဌာနလွှဲပြောင်းမည့် အစီအစဉ်ကို ပဲခူးတိုင်းဝန်ကြီးချုပ်သည် တိုင်းလွှတ်တော်သို့ တင်ပြခဲ့ပြီးနောက် အမည်ပြင်ဆင်ပြောင်းလဲမည့်ကိစ္စကို အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြထားကြောင်း ပဲခူးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ဆိုသည်။
“ကျွန်တော်လည်း တာဝန်တွေ တော်တော်များပြားပါတယ်။ ဒီကိစ္စကလည်း အခြေခံဥပဒေခုံရုံးက ပြန်ကျမှသိမှာပါ။ ဒါပေမဲ့ တာဝန်ပေးအပ်လာရင် တော့ကျေပွန်အောင်တာဝန်ထမ်းမှာပါ”ဟု သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောကြားထားသည်။
နိုဝင်ဘာ ၂၇ ရက်နေ့နံနက်က ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး အရေးပေါ်အထူးအစည်းအဝေးဒုတိယနေ့တွင် ဝန်ကြီးဌာနတာဝန်တစ်ခုကို အခြားဝန်ကြီး ဌာနတစ်ခုသို့လွှဲပြောင်းရန် အဆိုပြုချက်ကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးမောင်မောင်လွင်၊ သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးကျော်မင်းစံနှင့် အခြားတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး စုစုပေါင်းသုံးဦးက ကန့်ကွက်ခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဇင်က ထောက်ခံဆွေးနွေးခဲ့သည်။
The Voice






0 comments:
Post a Comment