ပြင်သစ်နိုင်ငံမှာ မြောက်ကိုးရီးယားနိုင်ငံကို သတင်းပေးမှုအတွက် သံသယရှိတဲ့ အထက်လွှတ်တော် အရာရှိတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဒီကနေ့ထုတ် AFP သတင်းမှာ ဖော်ပြထားပါတယ်။
ပြင်သစ်-ကိုးရီးယား ချစ်ကြည်ရေးအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ‘ဘူနွားကွမ်နေဒီ’ ရေးခဲ့တဲ့ မြောက်ကိုးရီးယား နိုင်ငံအကြောင်းစာအုပ်ကိုလည်း မနေ့က သူ့အမှုကိုစစ်ဆေးချိန်မှာ တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။
မတ်လကတည်းကစတင်ခဲ့တဲ့ စုံစမ်းမှုတွေအပြီးမှာ အစိုးရရှေ့နေတွေက ဘူနွားကွမ်နေဒီဟာ နိုင်ငံတော်ရဲ့ အခြေခံအကျိုးစီးပွားကို ထိခိုက်စေတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖြန့်ဝေခဲ့တယ်လို့ သံသယရှိခဲ့တာဖြစ်ပါတယ်။ သူ့ကို ပဲရစ်မြို့တော် အပြင်ဘက်မှာရှိတဲ့ ထောက်လှမ်းရေးစခန်းတခုမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ကွမ်နေဒီဟာ ၂၀၀၅ ခုနှစ်ကတည်းက မြောက်ကိုးရီးယားနိုင်ငံကို ဆက်တိုက်သွားခဲ့ပြီး မြောက်ကိုရီးယားအကြောင်း ဆောင်းပါးတွေလည်း မကြာခဏရေးခဲ့သူဖြစ်တယ်လို့ သူ့ထုတ်ဝေသူ ဒယ်လ်ဂါ ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မမှာ ဖော်ပြထားပါတယ်။ ဒယ်ဂါဟာ ပြီးခဲ့တဲ့နှစ်က ကွမ်နေဒီ နောက်ဆုံးရေး ခဲ့တဲ့ “လူမသိ သူမသိ မြောက်ကိုးရီးယား” ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။
ပြင်သစ် မြောက်ကိုးရီးယား ချစ်ကြည်ရေးအသင်းကို ၁၉၆၀ ခုနှစ်တွေအတွင်းက သတင်းသမားတွေက ဦးစီးတည်ထောင်ခဲ့တာဖြစ်ပြီး မြောက်ကိုးရီးယားနဲ့ ပိုမိုနီးစပ်ဆက်သွယ်နိုင်ရေးနဲ့ တောင်မြောက် ကိုးရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးတွေအတွက် ထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။
RFA







0 comments:
Post a Comment