နံနက် ၂ နာရီခန့်က အမျိုးသမီးဘော်ဒါဆောင်တွင် အမျိုးသားတစ်ဦးက ပစ္စည်းများခိုးယူနေသဖြင့် အဆောင်နေသူများနှင့် အဆောင်အနီးနားနေသူအချို့တို့က ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း တက္ကသိုလ်ရပ်ကွက်မှ ရာအိမ်မှူး ဦးဝင်းဟန်က ပြောပြသည်။
အဆိုပါ အသက် ၂၅ နှစ်ဝန်းကျင်ရှိ အဆိုပါအမျိုးသားအား စစ်ဆေးရာ ကိုယ်ခန္ဒာအတွင်းမှ အမျိုးသမီးအတွင်းခံ ၃၀ ကျော်အား ခိုးယူဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသဖြင့် အမှတ် (၁) နယ်မြေ ရဲကင်းစခန်းသို့ အပ်နှံပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ပြောကြားသည်။
“တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မခိုးဘဲ အတွင်းခံဘောင်းဘီတွေပဲခိုးတာ” ဟု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောဆိုသည်။
အတွင်းခံခိုးယူခဲ့သည့် အမျိုးသားမှာ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) နယ်မြေရဲကင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးချိုလွင်က ပြောကြားသည်။
အဆိုပါအမျိုးသား၏ စိတ်အခြေအနေမှာ ပုံမှန်မဟုတ်ဟု ၎င်းကဆိုသည်။
“ပုံမှန်တော့မဟုတ်ဘူး။ ကြောင်တော့ကြောင်နေတယ်” ဟု ဒုရဲမှူးချိုလွင်က ဆိုသည်။
ထွက်ပြေးလွတ်မြောက်နေသည့် အဆိုပါအမျိုးသားအား ပြန်လည်ဖမ်းမိရေး ဆောင်ရွက်နေကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။
The Voice
No comments:
Post a Comment