Tuesday, November 27, 2018

ဧရာဝတီတိုင်းရှိ လူမှောင်ခိုနှင့် လူကုန်ကူးမှုကွင်းဆက်များကို ဖော်ထုတ်မည်ဟုဆို

ဧရာဝတီတိုင်းတွင် ဖြစ်ပေါ်ခဲ့သော လူမှောင်ခိုနှင့် လူကုန်ကူးမှုများ၏ နောက်ဆက်တွဲကွင်းဆက်များကို စိစစ်ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောသည်။ နိုဝင်ဘာ ၂၇ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေး၌ မြောင်းမြမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း၏ “လူမှောင်ခို၊ လူကုန်ကူးမှုများ၏နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများကို စိစစ်ဖော်ထုတ်အရေးယူနိုင်ရေး တိုင်းအစိုးရအဖွဲ့အား တိုက်တွန်းသည့်အဆို” ကို ဆွေးနွေးစဉ် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 
တိုင်းဒေသကြီးအတွင်း လူကုန်ကူးမှုများ၊ လူရောင်းစားမှုများ၊ နည်းအမျိုးမျိုးဖြင့် လူမှောင်ခိုမှုများ ဖြစ်ပွားနေကြောင်း၊ ယင်းအမှုများတွင် တရားခံအနည်းငယ်သာ ဖော်ထုတ်နိုင်ပြီး တိမ်းရှောင်နေသည့် တရားခံများက နောက်ထပ်နေရာများတွင် မှုခင်းများ ထပ်မံကျူးလွန်မှုများရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။ 

ပြည်ပတွင် လူကုန်ကူးခံရမှုရှိသကဲ့သို့ ပြည်တွင်း၌လည်း လူကုန်ကူးခံရမှုများဖြစ်ပွားနေကြောင်း၊ လူငယ်များနည်း အမျိုးမျိုးဖြင့် လူကုန်ကူးခံနေရသဖြင့် ကျူးလွန်သူများနှင့် ကွင်းဆက်များကို ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရေးအတွက် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 

“လူကုန်ကူးမှုတွေ၊ လူမှောင်ခိုမှုတွေ၊ တရုတ်မယားအဖြစ်ရောင်းစားခံရမှုတွေ တိုင်းအတွင်းမှာ ဖြစ်ပွားနေပါတယ်၊ တရားခံပေါ်တာ ရှိသလို တရားခံမဖော်ထုတ်နိုင်တာလည်း အများကြီးရှိပါတယ်။ လူကုန်ကူးခံရပြီး ပြန်ရောက်လာသူတွေလည်း ဒုက္ခတွေခံစားနေရသလို မိသားစုအသိုင်းအဝိုင်းထဲမှာလည်း ပစ်ပယ်ခံနေရပါတယ်၊ ဒါကြောင့် ဒီအဆိုကို တင်သွင်းရတာပါ၊ တိုင်းအစိုးရအဖွဲ့က အလေးအနက်ထား ဆောင်ရွက်ပေးပါ့မယ်လို့ ကတိပြုတဲ့အတွက် ဒီသတင်းကို ကြားကြမယ့် တရားခံတွေ ပွဲစားတွေအတွက် သတိပေးသံလို့ ပြောချင်ပါတယ်” ဟု အဆိုရှင် ဦးသန့်ဇော်ဝင်းက ပြောသည်။ 

ဧရာဝတီတိုင်းတွင် ၂၀၁၇- ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု ၇၂ မှု ဖော် ထုတ်နိုင်ခဲ့ပြီး ပညာပေးဟောပြောပွဲ ၄၂၀ ကျော် ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice

0 comments:

Post a Comment