ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်နေရသည့် နားလော့ကျေးရွာမှ စစ်ဘေးရှောင် ၂၀၀ ကျော်သည် အခြေအနေပြန်တည်ငြိမ်သွားသည့်အတွက် မူလနေရပ်ဖြစ်သည့် နားလော့ကျေးရွာသို့ နိုဝင်ဘာလ ၂၇ ရက်က ပြန်သွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၂၃ ရက်က သီပေါမြို့နယ် နားလော့ကျေးရွာအနီးတွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး နားလော့ကျေးရွာမှ စတုတ္ထတန်းကျောင်းသားတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့သည်။
နားလော့ကျေးရွာမှ စစ်ဘေးရှောင် နှစ်ရာကျော်ခန့်သည် အဆိုပါကျေးရွာအနီးရှိ ဆယ်ခံကျေးရွာတွင် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါဒေသတွင် အခြေအနေများ အနည်းငယ်ပြန်တည် ငြိမ်လာသည့်အတွက် ဒေသခံများနေရပ်သို့ ပြန်သွားကြပြီဖြစ်ပြီး သေဆုံးသူများ၏မိသားစုများကိုလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနများနှင့် အခြားပရဟိတအဖွဲ့အစည်းများက လာရောက်ထောက်ပံ့မှုများရှိခဲ့ကြောင်း သီပေါမြို့နယ် ပရဟိတလုပ်ကိုင်သည့် ကိုထွန်းကိုက ပြောသည်။
သေဆုံးခဲ့သူများအနေနှင့် လူ/ ကယ်/ ပြန်အပါအဝင် လူမှုကူညီရေး အဖွဲ့များ၊ နိုင်ငံရေးပါတီများ၏ စုပေါင်းလှူဒါန်းမှု ကျပ် ၁၀ သိန်းခန့်စီ ရရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါ သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အနေနှင့် အပြန်အလှန် စွပ်စွဲ ပြစ်တင်မှုများ ပြုလုပ်ထားပြီး အရပ်သားသေဆုံးမှုအပေါ် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အပြန်အလှန်သတင်းထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့က အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့က လက်မှတ်မထိုးထားသည့်အဖွဲ့ဖြစ်ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွင်လည်း ပါဝင်နေသည့်အဖွဲ့ဖြစ်သည်။
The Voice






0 comments:
Post a Comment