Sunday, November 4, 2018

တနင်္သာရီတိုင်းဒေသကြီး အခြေပြု အားလုံးပါဝင်နိုင်သည့် ခရီးသွားလုပ်ငန်း စီမံကိန်း ဖော်ဆောင်ရန် နယ်သာလန်နိုင်ငံမှ ကူညီပံ့ပိုးမည်


တနင်္သာရီတိုင်းဒေသကြီး အခြေပြု အားလုံးပါဝင်နိုင်သည့် ခရီး သွားလုပ်ငန်း စီမံကိန်း ဖော်ဆောင်ရန် နယ်သာလန်နိုင်ငံမှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောကြားသည်။ 
နိုဝင်ဘာ၂ ရက်က ထားဝယ်မြို့ ဟိုတယ်ထားဝယ်တွင် ကျင်းပပြုလုပ်သော နယ်သာလန်နိုင်ငံ အပိုင်း(၄)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစီမံကိန်း ဖွင့်ပွဲအခမ်းအနား၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ NTF IV တနင်္သာရီတိုင်းဒေသကြီး အခြေပြုအားလုံးပါဝင်နိုင်သော ခရီး သွားလုပ်ငန်း စီမံကိန်းကို နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်များမြှင့်တင်ရေးဌာန(CBI)မှ ရန်ပုံငွေကျခံပြီး နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ(ITC) မှ အကောင် အထည်ဖော်ဆောင်ရွက်သော စီမံကိန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနတို့မှ အဓိက မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် တနင်္သာရီ တိုင်းဒေသကြီးတစ်ခုလုံး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတကာခရီးသွားကုမ္ပဏီများအထိ ဥရောပခရီးသွားလုပ်ငန်း တစ်ခုလုံးနှင့် ချိတ်ဆက်နိုင်မည့် နည်းဗျူဟာကျသော ချိတ်ဆက်မှုများကို ဆောင်ရွက် ပေးသွား မည်ဖြစ်သည့်အတွက် များမကြာမီကာလတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောသည်။ 

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ ပြုနိုင်မည့် အခြေအနေများအား သိရှိနိုင်ရန် ပဏာမမြေပြင်ကွင်းဆင်းဆောင်ရွက်မှုများအရ ထားဝယ်ဒေသ အား ရွေးချယ်ရန် အားသာသည်ကို တွေ့ရှိရသည့်အတွက် စမ်းလှမ်း၊ တီဇစ်၊ ကျောက်ဝပ်ပြင်၊ ကျောက်မတ္တပ်၊ ကလုံးထာ စသည့်ကျေးရွာများကို အသေးစိတ်ထပ်မံ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်မှု အပြီးသတ်အနေဖြင့် တီဇစ် ကျေးရွာနှင့် ကလုံးထာကျေးရွာတို့တွင် ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းဖော်ဆောင်ရန် ရွေးချယ်ခဲ့ ကြောင်း သိရသည်။ 

ထို့အပြင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကျွန်းပေါင်း(၈၀၀)ကျော်ရှိပြီး ရှည်လျားသည့် ကမ်းရိုးတန်း၊ စိမ်းလန်းစိုပြေသည့် တောတောင်များ၊ ဇီဝမျိုးကွဲများ သန္တာကျောက်တန်းများ၊ လမုတောများ၊ ရေသယံဇာတများ၊ ပျောက်ကွယ်နီးပါးဖြစ်နေသည့် Moken(ဆလုံ) မျိုးနွယ်စုတွေနေထိုင် ကျက်စားရာဒေသနှင့် သာယာလှပသည့်ကမ်းခြေများ၊ တန်ခိုးကြီးဘုရားများ တည်ရှိသည့်အတွက် ၄င်းအမွေ အနှစ်များကို အရင်းပြုပြီး ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် သာမက တိုင်းဒေသကြီးအတွက်ပါ အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။ 
  
၂၀၁၂ ခုနှစ်မှစပြီး မြန်မာနိုင်ငံ၌ တာဝန်သိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ စတင်ဆောင်ရွက်ခဲ့ပြီး ဒေသခံအသိုက်အ၀န်း ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ကနဦးစီမံကိန်းနှင့် ပေါ်လစီများကို (CIT - ၂၀၁၃) ဖြင့် ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ CIT ပေါ်လစီ အနေဖြင့် ဒေသခံအသိုက်အ၀န်းများ ခရီးသွားလုပ်ငန်းတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းမြှင့်တင်ပေးရန်နှင့် ခရီးသွားလုပ်ငန်ဖွံ့ဖြိုးလာခြင်းမှ ဖြစ်လာမည့်ဆိုကျိုးများ လျှော့ချရန်ရည်ရွယ်သည့် မူဝါဒဖြစ်ကြောင်းသိရသည်။ 

ထို့နောက် တက်ရောက်လာကြသော နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်များမြှင့်တင်ရေးဌာန(CBI)မှ နည်းပညာအကြံပေးရေးမှူးချုပ် Mr. Peter Van Gilst မှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သွင်းကုန်ပိုင်ဆိုင်ရာ မြင့်တင်မှုစင်တာအကြောင်းအား လည်းကောင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ(ITC)မှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Ms. Arancha Gonzalez မှ နိုင်ငံတကာ ကုန်သွယ်မှုစင်တာ အကြောင်းအားလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကဖော၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေး တို့မှ နယ်သာလန်နိုင်ငံအပိုင်း(၄)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး အတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍဆောက်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။ 



ယဉ်ယဉ်လှ(အကုန်သိသတင်းဌာန)

0 comments:

Post a Comment