လားရှိုးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများကို ဟိုတယ် ပေါင်း ၁၀၀၀ ကျော်တွင် အလုပ်အကိုင်ရရှိရန် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကူညီပေးသွားမည်ဖြစ်ကြောင်း အသင်းဒုဥက္ကဋ္ဌ ဦးအောင်မိုးကြည် က ပြောသည်။
နိုဝင်ဘာ၂ ရက်က လားရိုးတက္ကသိုလ် တွင် စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား ဟိုတယ်လုပ်ငန်းများ၌ လုပ်ကိုင်နိုင်ရန် အသင်းမှ လားရိုး တက္ကသိုလ်သို့ သွားရောက်ပြီး CV Form များ ဖြည့်ပေးခြင်း ၊ Training Form များ ဖြည့်ခြင်း နှင့် Pamphlet များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ရာ စိတ်ပါဝင်စားစွာ လျှောက်လွှာများ တင်ခဲ့သည့် ကျောင်းသားများရှိကြောင်း သိရသည်။
’’ ကိုယ်လုပ်ချင်တဲ့ ဟိုတယ်ရဲ့ ဌာနလေးခုမှာ အလုပ်ရအောင် ကျောင်းသား၊ ကျောင်းသူတွေကို ဦးတို့က ကူညီပံ့ပိုးပေးသွားမှာပါ။ တစ်နိုင်ငံလုံးမှာ ဦးတို့ရဲ့ အသင်းကို ၀င်ထားတဲ့ ဟိုတယ်ပေါင်း ၁၀၀၀ ကျော်မှာ အလုပ်အကိုင် ရရှိအောင် အသင်းကနေ အခမဲ့ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်။ အရင်ကဆို ဘွဲ့ရပေမယ့် အလုပ်မရတာတွေရှိတယ်၊ အခု ဘွဲ့မရသေးတာကော၊ဘွဲ့ရပြီးတာကော ကျောင်းပြီးတာနဲ့ အလုပ်ရရှိဖို့ ကူညီပေးမှာဖြစ်တယ် ’’ဟု ဒုဥက္ကဋ္ဌ ဦးအောင်မိုးကြည် က ပြောသည်။
အဆိုပါ ကျောင်းသား၊ကျောင်းသူများမှ မိမိတို့ လုပ်ကိုင်ချင်သည့် မြို့များရှိ ဟိုတယ်များတွင် လုပ်ကိုင်နိုင်ရန် အလုပ်ခန့်ပေးခြင်းများကို အသင်းမှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် အသင်းမှ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများကို လည်း အခမဲ့ဖွင့်လှစ် ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် လားရိုးတက္ကသိုလ် ၌ တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ ဦးရေမှာ ၉၀၀၀ နီးပါးရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၌ အသင်းဝင်ထားသည့် တိုင်းရင်းသား ဟိုတယ်အလုံးရေ ၁၂၄၅ လုံးရှိပြီး၊ FDI ဟိုတယ် အလုံး ၂၃ လုံး အသင်းဝင်ထားကြောင်း သိရသည်။
ယခုကဲ့သို့ အသင်းအနေဖြင့် ဆောင်ရွက်ရခြင်းမှာ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်များရရှိစေရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသင်းမှ ကနဦးအစီအစဉ်ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှု ရရှိပါက အခြားပြည်နယ်နှင့်တိုင်းများတွင် ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။









0 comments:
Post a Comment