Thursday, November 1, 2018

ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများကို လယ်ကွင်းထဲမှာပဲ လုပ်ရလုပ်ရ သစ်ပင်အောက်မှာပဲ လုပ်ရလုပ်ရ ကိစ္စမရှိဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးပြော


ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများကို လယ်ကွင်းမှာပဲ လုပ်ရလုပ်ရ သစ်ပင်အောက်မှာပဲ လုပ်ရ လုပ်ရ ပြဿနာမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောကြားခဲ့သည်။ 
နိုဝင်ဘာ ၁ ရက် က မအူပင်မြို့  တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနား ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးမှ ဌာနဆိုင်ရာ အရာထမ်းများအား မှာကြားခဲ့သည့် ကိစ္စရှိကြောင်း ၄င်းမှာ နိုင်ငံရေးပါတီများ ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲများကို သာဿနာ့မြေနေရာနှင့် အဆောက်အဦးများကို သုံးစွဲနေသည်ကို တွေ့ရသဖြင့် ၄င်းအရာများသည် ဥပဒေနှင့်ညီမညီ ကြည့်သင့်သည်ဟု ပြောဆိုခဲ့မှုများကြောင့် ပြည်ခိုင်ဖြိုး ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲနေရာများကို ရွှေ့ ခဲ့ရဟု ဦးသန်းဌေးက ဆိုသည်။ 

“ အဲဒီလိုမှာကြားလို့အတွက်ကြောင့် ကျွန်တော်တို့ စီစဉ်ထားတဲ့ နေရာတွေ အကုန်လုံး ချက်ခြင်း ပြန်ပြောင်းလိုက်ရတယ်။ တစ်ချို့ နေရာတွေမှာ လယ်ကွင်းထဲမှာ သွားလုပ်ပါတယ်။ သစ်ပင်ရိပ်အောက်မှာ သွားလုပ်ပါတယ်။ ကျွန်တော်တို့အတွက် ပြဿနာမရှိဘူး။ ဘာဖြစ်လို့လဲ ထောက်ခံမှုက လျော့မသွားဘူး။ စောစောက ပြောသလို ဒီပရိသတ်ကြီးဟာ လာကြပါဦးလို့  ကျွန်တော်တို့က အာဏာနဲ့ ချိန်းခြောက်ထားတာ မဟုတ်တဲ့အတွက် ဘယ်နေရာမှာပဲ လုပ်ရလုပ်ရ သူတို့အတွက် ပြဿနာမရှိဘူး’’ဟု ဦးသန်းဌေးက ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီးသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က သွားရောက်ခဲ့သည့် ခရီးစဉ် တစ်ခုရှိခဲ့ကြောင်း သိရသည် ။ 

“ဒီနေရာမှာ ကျွန်တော်တို့ ပြောချင်တာ ကျွန်တော်တို့ကို အစိုးရအဖြစ် ပြည်သူက အာဏာအပ်နှင်းတုန်းက ဒီမိုကရေစီဆိုတာကို စည်းကမ်းနဲ့ ကောင်းကောင်းမွန်မွန် လုပ်ပြခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ အစိုးရဆိုပြီး အာဏာရှိတိုင်း လုပ်ချင်တာလုပ်လို့ ရတာမဟုတ်ဘူး။ ဒီဟာကို မိမိတို့အစိုးရကာလတုန်းက နမူနာပြခဲ့တာရှိပါတယ်’’ဟု ဦးသန်းဌေးက ဆိုသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

No comments:

Post a Comment