DENKO ကုမ္ပဏီက ပြည်ပမှ ဝယ်ယူတင်သွင်းသည့် ရိုးရိုးဒီဇယ်ဆီတွင် အင်ဂျင်အတွင်းလောင်ကျွမ်းမှုသတ္တိ (Cetane) အညွှန်းကိန်းမှာ စံချိန်မမီသည်ကို တွေ့ရှိကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဦးနေလင်းက ပြောကြားသည်။
နိုင်ငံခြားမှ သင်္ဘောဖြင့်တင်သွင်းလာသည့် စက်သုံးဆီများကို ဈေးကွက်သို့ ဖြန့်ဖြူးခြင်းမပြုမီ သန်လျင်တွင်ရှိသည့် နိုင်ငံအဆင့်ဓာတ်ခွဲခန်းတွင် စမ်းသပ်လေ့ရှိပြီး အရည်အသွေးမပြည့်ပါက မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသို့ သတိပေးစာများ ပေးပို့ကြောင်း ၎င်းကရှင်းပြသည်။
“အခု Posco Daewoo ဘက်က ပညာရှင်လွှတ်မယ်။ သူတို့တင်သွင်းတာက ကောင်းမွန်တဲ့ဒီဇယ်နဲ့ ရိုးရိုးဒီဇယ်ဆိုတော့ နှစ်မျိုးပြန်ရောလိုက်ရင် အညွှန်းကိန်းက ပြန်ပြည့်တယ်။ စပ်ပြီးရောတဲ့နည်းက သူတို့ပဲသိမှာပေါ့။ တကယ်လို့ ဒီလိုမျိုးရောလို့မှ အရည်အသွေးမပြည့်ရင် စင်ကာပူကို ပြန်ပို့ရမယ်” ဟု ၎င်းက ပြောကြားသည်။
DENKO ကုမ္ပဏီမှ တင်သွင်းလာသည့် စက်သုံးဆီများကို ယခင်အပတ်က စစ်ဆေးခြင်းဖြစ်ပြီး ပညာရှင်က ပြန်လည်စမ်းသပ်ပြီးပါက နိုင်ငံအဆင့်ဓာတ်ခွဲခန်းတွင် ထပ်မံစမ်းသပ်မည်ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းထံမှ သိရသည်။
ယခုဖြစ်ပွားသည့်ကိစ္စသည် အရောင်းအဝယ်ပြုလုပ်ရာတွင် တစ်ခါတရံ ပေါ်ပေါက်လေ့ရှိသည့်ကိစ္စဖြစ်ပြီး Denko ကုမ္ပဏီအနေနှင့် အရည်အသွေးလျော့စေရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အရည်အသွေးမမီသည့်ကိစ္စနှင့်ပတ်သက်၍ အထူးကိုင်တွယ်ညှိနှိုင်းလျက်ရှိပြီး ဖောက်သည်များအတွက် စံချိန်စံညွှန်းပြည့်မီမှသာ လက်ခံမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice






0 comments:
Post a Comment