Tuesday, November 27, 2018

ရိုက်တာသတင်းထောက်နှစ်ဦးအား နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားခြင်းသည် နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်စေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေကြောင်း CPJ က တိုက်ရိုက်အိတ်ဖွင့်ပေးစာ၌ ဝေဖန်ထောက်ပြ



မြန်မာနိုင်ငံ၌ ရိုက်တာသတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်အရေး ယူထားခြင်းသည် နိုင်ငံ၏ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ထိခိုက်စေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေသည်ဟု နယူးယောက်မြို့အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ ) က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည့် ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက်အိတ်ဖွင့်ပေးစာထဲ၌ ဝေဖန်ထောက်ပြခဲ့သည်။ 
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားကျင့်သုံးရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ပြဝေဖန်မှုများကို နားထောင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း CPJ မှ ပြောရေးဆိုခွင့်ရှိသူက VOA သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုအခြေစိုက် ၀ါရှင်တန်ပို့စ်သတင်းစာသည် ၎င်းနှင့်အတူ ကမ္ဘာတစ်ဝန်း သတင်းလွတ်လပ်ခွင့် မိတ်ဖက်လှုပ်ရှားမှုကို စတင်သည့်အနေဖြင့် နိုဝင်ဘာ ၂၆ ရက်ထုတ် ၀ါရှင်တန်ပို့စ်သတင်းစာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ CPJ က ရေးသားသည့် အိတ်ဖွင့်ပေးစာအား စာမျက်နှာအပြည့်ဖော်ပြခဲ့ကြောင်း သိရသည်။ 

CPJ ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဂျိုယယ်ဆိုင်မွန်က ဒေါ်အောင်ဆန်းစုကြည်ထံ ရေးသားသည့် အိတ်ဖွင့်ပေးစာ၏ အဓိကရည်ရွယ်ချက်နှင့်ပတ်သက်၍ CPJ ၏ အာရှရေးရာညွှန်ကြားရေးမှူး စတိဗ်ဘတ်တလာက “ဒီစာရဲ့ အဓိကရည်ရွယ်ချက်က အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆောင်ရွက်ပေးဖို့ ဖိအားပေးတာဖြစ်ပါတယ်။ အရင်ကတော့ တရားရုံးမှာ အမှုစစ်ဆေးနေဆဲ ဖြစ်တာမို့ သူ့အနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်လို့ မရပါဘူး။ အခုတော့ သူ့မှာလုပ်ပိုင်ခွင့် ရှိနေပါတယ်။ ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးဖို့ တွန်းအားပေးရတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ယခုစာထဲ၌ ထောက်ပြထားသည့် အချက်အလက်များအား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ခံနားထောင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း စတိဗ်ဘတ်တလာက ပြောကြားခဲ့သည်။ 

“သူ နားထောင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ စာထဲမှာလည်း သူ့ရဲ့ဂုဏ်သိက္ခာ ဘယ်လိုထိခိုက်မှုတွေ ရှိနေလဲဆိုတာ သူသိအောင် ကြိုးစားပြီး တိုက်ရိုက်ပြောထားပါတယ်။ သူ့အနေနဲ့ ဒီသတင်း ထောက်နှစ်ယောက်ကို ဘာလို့အမြန်ဆုံး လွှတ်သင့်တယ်ဆိုတာကို စာထဲမှာ တင်ပြထားပါတယ်။ ကျွန်တော်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်နေမှာမဟုတ်ပါဘူး” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံများ၌ သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုများအား ဆန့်ကျင်သည့် လှုပ်ရှားမှုကို ၀ါရှင်တန်ပို့စ်သတင်းစာနှင့်အတူ CPJ တို့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း စတိဗ်ဘတ်တလာက ရှင်းပြခဲ့သည်။ 

“ဒေါ်အောင်ဆန်းစုကြည်ဆီ အိတ်ဖွင့်ပေးစာ ရေးသားမှုဟာ ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ စတင်လိုက်တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး တခြားအဖွဲ့အစည်းတွေ ပါဝင်ရေးသားဖော်ပြမှုတွေ ရှိလာမှာပါ။ ၀ါရှင်တန်ပို့စ်သတင်းစာအနေနဲ့ CPJ လို အဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်လိုတာမို့ အခုလို စတင်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်ထံ ရေးသားခဲ့သည့်စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရကြောင်းနှင့် စစ်ဘက်ကအုပ်ချုပ်သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဆင်ဆာအဖြတ်ခံရဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်းနှင့် အစပြုထားသည်။ 

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းသစ်ဆီ လျှောက်လှမ်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးနယ်ပယ်ထဲသို့ ပြန်လည်ဝင်ရောက်ခွင့်ရခဲ့ကြောင်းနှင့် သတင်းမီဒီယာများအနေဖြင့်လည်း လွတ်လပ်ခွင့်ရရှိခဲ့ပြီး ကြောက်ရွံ့စရာမလိုဘဲ မြန်မာနိုင်ငံ၏ အောင်မြင်မှုများနှင့် စိန်ခေါ်နေသည့်အခက်အခဲများကို ပိုမိုလွတ်လပ်စွာ စတင်၍တင်ပြခွင့်ရခဲ့ကြောင်း စာထဲ၌ ရေးသားထားသည်။ 

ယင်းနောက် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်နေသော မြန်မာနိုင်ငံ၏ အခြေအနေကို အဆုံးသတ်စေခဲ့သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားအရေအတွက် များပြားလာကြောင်းနှင့် ကမ္ဘာ့ခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြကြောင်း CPJ ၏ အိတ်ဖွင့်ပေးစာ၌ ရေးသားထားသည်။ 

၂၀၁၅ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး သူ့အား အမှန်တကယ် အာဏာရသည့် ခေါင်းဆောင်အဖြစ်လည်း ကမ္ဘာကလက်ခံခဲ့ကြောင်း ဂျိုယယ်ဆိုင်မွန်က ပြောကြားခဲ့သည်။ 

သို့သော် ယခုအချိန်တွင်မူ ယင်းကဲ့သို့ မျှော်လင့်ချက်နှင့် အကောင်းမြင်သည့် ယုံကြည်မှုများ ပျောက်ဆုံးလုနီးပါးဖြစ်နေသည်ဟု CPJ ၏ စာ၌ ဖော်ပြထားသည်။ 

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ဝလုံးနှင့် ကျော်စိုးဦးတို့သည် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူခံခဲ့ရသကဲ့သို့ အခြားသတင်းထောက်များသည်လည်း ဖိနှိပ်သော ဥပဒေများအောက်၌ မည်သည့်အချိန်၌မဆို ထောင်ဒဏ်ကျခံရနိုင်သည်ဟု ခြိမ်းခြောက်ခံထားရကြောင်း CPJ ၏ စာ၌ ဖော်ပြထားသည်။ 

ယင်းဥပဒေများအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရ အနေဖြင့် ဖျက်သိမ်းပစ်လိမ့်မည်ဟု အများက မျှော်လင့်ခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ လွန်စွာဆိုးရွားသော မှားယွင်းမှုကို အမှန်ပြန်ဖြစ်အောင် တည့်မတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်အား မေတ္တာရပ်ခံလိုကြောင်း CPJ အမှု ဆောင်ညွှန်ကြားရေးမှူး ဂျိုယယ်ဆိုင်မွန်က ရေးသားထားသည်။ 

“ဒီမှားယွင်းမှုတွေက မြန်မာနိုင်ငံကိုလည်း အလွန်ထိခိုက်စေတဲ့အပြင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြီးတဲ့နောက် လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး ချန်ပီယံဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်” ဟု CPJ ၏ စာ၌ ပြောကြားထားသည်။ 

အစိုးရအာဏာပိုင်များ၏ ဖိနှိပ်မှုများကြောင့် ဖြစ်ပေါ်သည့် ထိခိုက်နစ်နာမှုများအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျမ်းပြုရေးသားထားသော ‘ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေး’ (Freedom From Fear) စာအုပ်၌ “အာဏာသည်သာ အကျင့်ပျက် လာဘ်စားစေခြင်းမဟုတ်ဘဲ အကြောက်တရားသည်လည်း အကျင့်ပျက်ပြားစေသည်” ဟု ဖော်ပြထားသည့်အချက်ကိုလည်း CPJ က ထောက်ပြထားသည်။ မိမိကိုယ်တိုင်ရေးသားခဲ့သည့် ကျင့်ဝတ်မူနှင့်အညီ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်တွေ့ကျင့်ကြံနေထိုင်ပြီး ဝလုံးနှင့် ကျော်စိုးဦးတို့ နှစ်ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို မေတ္တာရပ်ခံ ပန်ကြားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း အိတ်ဖွင့်ပေးစာ၌ ရေးသားထားသည်။ 

ဒီမိုကရေစီစနစ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်သူများက အာဏာကို ယုံယုံကြည်ကြည် အပ်နှင်းခဲ့ခြင်းဖြစ်သောကြောင့် ယင်းအခွင့်အာဏာကို အသုံးပြုကာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်မြှင့်တင်ပေးရန် တောင်းဆိုကြောင်း CPJ ၏ အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။ 

Ref ; VOA 

Eleven Media Group


0 comments:

Post a Comment