ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံအသုံး ပြုမဲဆွယ်ခြင်းနှင့်ပတ်သက်ပြီး RCSS က နိုဝင်ဘာ ၁ ရက်တွင် NLD ပါတီနှင့် ပတ်သက်ဆက်နွှယ်မှုမရှိဟု ရှင်းလင်းချက်ထုတ်ပြန်သည်။
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်း အောင်ထွန်းလေး ဖြန့်ဝေနေသည့် ပါတီလက်ကမ်းစာစောင်တွင် RCSS ဥက္ကဋ္ဌ ပုံကိုထည့်သွင်း မဲဆွယ်စည်းရုံးခြင်းသည် RCSS အပေါ် ပြည်သူလူထု၏ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေနိုင် သည်ဟု RCSS က ဆိုသည်။
‘‘ကျေးရွာက လူတွေက မသိရင်တော့ ကျွန်တော်တို့ဥက္ကဋ္ဌ ကြီး ပုံပါတော့ ကျွန်တော်တို့က NLD ပါတီကလားဆိုပြီး အဲဒီလို မျိုးတွေ ထင်ယောင်ထင်မှားဖြစ် မှာ စိုးလို့ပါ’’ ဟု RCSS ဆက်ဆံ ရေးရုံးများ ညွှန်ကြားရေးမှူး ဒု ဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။
လဲချားတွင် NLD ပါတီသည် ဗမာပါတီဟုပြောဆိုကာ မဲဆွယ် စည်းရုံးမှုများရှိ၍ ပါတီအနေဖြင့် တိုင်းရင်းသားများနှင့် မဟာမိတ် ဖြစ်သည်ကို ပြသရန် အဆိုပါ ဓာတ်ပုံကိုအသုံးပြုခြင်းဖြစ်သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က 7Day Daily သတင်းစာအား ပြောကြားသည်။
အဆိုပါ ဓာတ်ပုံသည် ဆွေး နွေးပွဲတစ်ခုတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် RCSS တို့ ယှဉ်တွဲ ရိုက်ကူးထားသည့် ဓာတ်ပုံအမှန် ဖြစ်ပြီး ပြုပြင်ထားခြင်းမဟုတ်ဟု ၎င်းကဆိုသည်။
‘‘ကျွန်တော်တို့က တိုင်းရင်း သားတွေနဲ့ ရန်ဘက်မဟုတ်ပါ ဘူး။ ငြိမ်းချမ်းရေးအတွက် အတူ လုပ်နေတယ်ဆိုတာကို သက်သေ ပြချင်တာပါ’’ ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။
မြန်မာစာ၊ ရှမ်းစာတို့ဖြင့် ရေးသားထားသော အဆိုပါ လက်ကမ်းစာစောင်ပါ ဓာတ်ပုံ၏ အပေါ်တွင် ‘ငြိမ်းချမ်းရေးသို့ လှမ်းချီ NLD ’ ဟု ရေးသားဖော်ပြထားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် လဲချားပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ် ဦးစိုင်းမွန်းက အနိုင်ရရှိခဲ့သည်။ ဦးစိုင်းမွန်းသည် ၂၀၁၇ ဒီဇင်ဘာတွင် နှလုံးရောဂါဖြင့် ကွယ်လွန်၍ လစ်လပ်ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၃ ရက်တွင် ကျင်း ပမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် အဆိုပါ လစ်လပ်နေသည့် လဲချားပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နေရာအတွက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ် စားလှယ်လောင်းများ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
7Day

No comments:
Post a Comment