NLD အစိုးရ၏ နှစ်နှစ်ခွဲအတွင်း ဆောင်ရွက်ချက်များက ပါတီအပေါ် လူကြိုက်များမှုကို သက်ရောက်ခြင်း ရှိ၊ မရှိ လက်ရှိကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအရ အနည်းငယ်မှန်းဆနိုင်မည်ဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲစောင့် ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE) အဖွဲ့နှင့် ဖန်တီးအိမ်အဖွဲ့တို့အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်၏ အရည်အသွေးကို စနစ်တကျလေ့လာပြီး ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်၍ တိုးတက်လာမှု၊ ဆုတ်ယုတ်သွားမှု၊ အားသာချက်နှင့်အားနည်းချက် စသည်တို့ကိုစနစ်တကျလေ့လာနိုင်ရန် ကာလရှည်နှင့်ကာလတို စောင့်ကြည့်လေ့လာသူ ၅၇၉ ဦးကျော်ဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို လေ့လာမှုနှင့်ပတ်သက်၍ ရရှိခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ကနဦး အစီရင်ခံစာကို နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ ဆူးလေရှန် ဂရီလာဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါအစီရင်ခံစာတွင် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ကဲ့သို့ပင် ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲများသည်လည်း လွှတ်တော်အတွင်းရှိ အင်အားချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်ရန် အရေအတွက် မများပြားသော်လည်း အစိုးရသက်တမ်းဝက်တွင် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည့်အလျောက် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအတွက် ပြီးခဲ့သည့် နှစ်နှစ်ခွဲအတွင်း ဆောင်ရွက်ခဲ့သည့် မူဝါဒများ၊ လုပ်ငန်းများက ပါတီ၏ လူကြိုက်များမှုကို သက်ရောက်မှု ရှိ၊ မရှိ အနည်းငယ်မှန်းဆနိုင်မည်ဖြစ်ပြီး ပါတီများအားလုံးအနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်နိုင်ရန် အခွင့်အလမ်းအချို့ ဖြစ်သည်ဟုဆိုနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံအခင်းအကျင်း၌ မသန်စွမ်းမဲဆန္ဒရှင်များအတွက် အလွယ်တကူလာရောက်မဲပေးရန် ခက်ခဲနေခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ပတ်သက်၍ မဲရုံမှူးများ၏ သိရှိမှုအားနည်းခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် အားနည်းချက်များရှိနေခြင်းနှင့် မဲပေးခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ မဲရုံတာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာမှုအားနည်းခြင်းတို့ကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
“ခြုံငုံပြီးပြောရရင်တော့ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးမှာ ကြီးမားတဲ့ ပြဿနာ မတွေ့ရပေမဲ့ ၂၀၁၇ ခုနှစ်ကထက် စာရင်တော့ ကြီးကြီးမားမားတိုးတက်မှုမရှိဘူး ဆိုတာတော့ ပြောလို့ရပါတယ်။ ဒါတွေက ၂၀၂၀ မှာ လုပ်ထုံးလုပ်နည်းတွေကို ဒီထက်ပိုပြီး တိတိကျကျညွှန်ကြားဖို့လိုတယ်” ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE) အဖွဲ့မှ စိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၁၃ နေရာတွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ က ခုနစ်နေရာ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သုံးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကတစ်နေရာ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က တစ်နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က တစ်နေရာ အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်များမှာတာမွေ၊ မြင်းခြံ၊ အုတ်တွင်း၊ သပိတ်ကျင်း၊ မင်းဘူး၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် နှင့်ကန်ပက်လက်မဲဆန္ဒနယ်တို့တွင် အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက တမူး၊ ဆိပ်ကမ်းနှင့် ကချင်ပြည်နယ်အမျိုးသား မဲဆန္ဒနယ်အမှတ်(၂) တို့တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လဲချားပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ရသေ့တောင်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်၊ မတူမီမဲဆန္ဒနယ်တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment