Omni Focus ကုမ္ပဏီမှ ၂၄ နာရီယာဉ်လိုင်းဝန်ဆောင်မှုကို အရှုံးပေါ်ခဲ့ပါက ရပ်နားမည်မဟုတ်ပဲ ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှဥက္ကဋ္ဌ ဦးကျော်နေဝင်း က ပြောသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းအများစုသည် အရှုံးပေါ်နေသည့်အချိန်တွင် Omni Focus ကုမ္ပဏီမှ ပထမဦးဆုံး ၂၄ နာရီယာဉ်လိုင်းဝန်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီအနေဖြင့် အရှုံးအမြတ်ကို တွက်ချက်ထားခြင်းမရှိပဲ ခရီးသွားပြည်သူများ အဆင်ပြေစေရန်ရည်ရွယ်၍ ပြေးဆွဲပေးခြင်းဖြစ်သည်ဟု ပြောကြားထားသကဲ့သို့  လက်ရှိတွင်လည်း ၄င်းတို့ ကုမ္ပဏီအနေဖြင့် အရှုံးမပေါ်သေးကြောင်း သိရသည်။
“ YBS ယာဉ်လိုင်းတွေ အရှုံးပေါ်တာဟာ အဲဒီကုမ္ပဏီနဲ့ပဲ သက်ဆိုင်တယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာလည်း လက်ရှိအချိန်မှာ အရှုံးအမြတ် တရားဝင်မထုတ်ပြန်ထားပါဘူး။ နောက်တစ်ခုက ၂၄ နာရီယာဉ်လိုင်းဝန်ဆောင်မှုပေးတဲ့အခါမှာ ပထမဦးဆုံး အခက်အခဲက စီးမယ့်ခရီးသည်ရှိပါ့မလား။ သတ်မှတ်နှုန်းထားကို ထည့်ပြီးစီးပါ့မလားဆိုတာ စိုးရိမ်မိတယ်။ ရှုံးရင်လည်း ဆက်ဆွဲပေးမှာပါ။ တကယ်လို့ ပြည်သူလူထုက အဆင်မပြေဘူး။ မလိုအပ်ဘူးဆိုရင် အဲဒီအခါဆိုရင်တော့ ရပ်နားပေးသွားပါမယ် ” ဟု Omni Focus ကုမ္ပဏီမှဥက္ကဋ္ဌ ဦးကျော်နေဝင်းက ပြောသည်။
Omni Focus အောက်တွင် YBS 56၊ YBS 20၊ YBS 83၊ YBS 98၊ YBS 99၊ Airport Shuttle ယာဉ်လိုင်းများကို ယာဉ်အစီးရေ ၃၀၀ ဖြင့် ပြေးဆွဲပေးနေကြောင်း၊ ယင်းအပြင် ယာဉ်လိုင်းအသစ်များကိုလည်း ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စုသက်နှင်း (အကုန်သိသတင်းဌာန)







0 comments:
Post a Comment