ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိခဲ့ပါတယ် ။ ဒီလစ်လပ်နေရာတွေမှာ နိုင်ငံရေးပါတီတွေ ၊ တစ်သီးပုဂ္ဂလတွေက ရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ်လောင်း အဆိုပြု ပြီး ရွေးကောက်ပွဲမှာ တရားဝင် ယှဉ်ပြိုင်နိုင်ဖို့ ကိုယ်စားလှယ်လောင်း အဖြစ်လျှောက်ထားရမှာဖြစ်ပါတယ် ။ ကော်မရှင်က အတည်ပြုရွေးချယ်ပြီး ကိုယ်စားလှယ်လောင်းစာရင်းတွေ ထုတ်ပြန်ခဲ့ရာမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၆၀ ကျော် ထွက်ပေါ်လာခဲ့ပါတယ်။
ဒီတော့မဲဆွယ်စည်းရုံးမှုတွေ လုပ်ရတော့တာပေါ့ ။ ဘယ်လိုလုပ်ပေးမယ် ကတိပေးပြီး မဲပေးမယ့်ပြည်သူလူထုကို ဆွယ်ကြတာပေါ့ ။ ဒီလိုမဲဆွယ်တဲ့နေရာမှာ ပါတီကြီး ပါတီလတ် ပါတီငယ် တစ်သီးပုဂ္ဂလ အသီးသီးပါပါတယ် ။ ပါတီကြီးလို့ ဆိုလိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ပြည်ဖြိုးရေးပါတီ (USDP) တို့ကို တော်တော်များများ တန်းမြင်ကြမှာ။
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ပြည်ဖြိုးရေးပါတီ (USDP) အနေနဲ့ လစ်လပ် မဲဆန္ဒနယ် (၁၃) နေရာရှိတဲ့အထဲက တိုင်းရင်းသား ပြည်နယ်များကိုချန်ပြီးတော့ (၁၀) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
"ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်တွေကလွဲပြီး အခြားနေရာ (၁၀) နေရာမှာ ပြိုင်တယ် ။ ဒါကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားနေတယ်ဆိုတာကို ကျွန်တော်တို့ပါတီ က လက်တွေ့ပြလိုက်တာပါ ။ ဆိုလိုတာကတော့ ပါတီကြီးဖြစ်တယ်ဆိုပြီး နတ်နေကိုင်းတောင်မချန်ပဲ နေရာအကုန်ပြိုင်တာ မဟုတ်ပါဘူး " လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ပြည်ဖြိုးရေးပါတီ (USDP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောခဲ့တယ်။
ဒါကလည်း တိုင်းရင်းသားဒေသတွေမှာ ယှဉ်ပြိုင်ရင် မနိုင်နိုင်ဘူးဆိုတာကြိုသိလို့ပဲလား ။ ကြားဖြတ်ရွေးကောက်ပွဲဖြစ်နေလို့လား ။ တကယ် ဖက်ဒရယ်ကို ပြည်ထောင်စုကို သွားချင်လို့လားဆိုတာ စဉ်းစားစရာပါပဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ကတော့ လစ်လပ်မဲဆန္ဒနယ်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ။ ရွေးကောက်ပွဲလုပ်မယ့်ရက်က နိုဝင်ဘာလ ၃ ရက်နေ့ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်တွေမှာ အရေးနိမ့်နိုင်တယ်ဆျုတာကို ပါတီရဲ့ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ရွေးကောက်ပွဲမကျင်းပမီ မဲဆွယ်ကာလဖြစ်တဲ့ကာလကတည်းက ကြိုတင်ပြောဆိုလာတာရှိပါတယ်။
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လဲချားမြို့နယ်မှာ လစ်လပ်သွားတဲ့ မဲဆန္ဒနယ်အတွက် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည် ရွေးချယ်တင်မြောက်ရမှာဖြစ်ပါတယ် ။ ဒါ့ကြောင့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ က စိုင်းအောင်ထွန်းလေး၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ က စိုင်းဥက္ကာ နဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ (SNDP) က စိုင်းရွှေဆိုင်း တို့ ယှဉ်ပြိုင်ခဲ့ပါတယ်။
လဲချားမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်အရ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ က (၈၅၅၀) မဲ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ (SNDP) က (၁၆၁၃) မဲ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကတော့ (၁၀၁၃) မဲ ရရှိခဲ့ပါတယ် ။ နောက်ပြီး တပ်တွင်းက ကြိုတင်မဲ (၃၂၅)မဲမှာ ဆန္ဒမပြုတဲ့မဲ (၁၅၆)မဲဟာ ပယ်မဲဖြစ်ခဲ့ပါတယ်။
ဒီအဖြေဟာ ဖြစ်သင့်ပါတယ်လို့ သုံးသပ်တဲ့ နိုင်ငံရေးသမားတွေရှိသလို လက်ရှိမှာ ပြည်သူရဲ့ မဲပေးမှုနဲ့ အာဏာရခဲ့တဲ့ NLD ပါတီအတွက်တော့ သင်ခန်းစာတစ်ခုဖြစ်ပါတယ် ။ လဲချားလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်တဲ့ နေရာမှာ USDP က လက်ရှောင်ပြီး NLD ကတော့ မဲအပြတ်အသက်နဲ့ကို ရှုံးနိမ့်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
နောက်ပြီး လဲချားမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၉၃၂၁ ဦးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မဲလာမပေးသူများတဲ့အတွက် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူးလို့ သုံးသပ်လို့ရပါတယ်။
ဒီလိုစိတ်မဝင်စားတာက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကတည်းကပါ ။ အဲ့ဒီတုန်းက မဲပေးပိုင်ခွင့်ရှိသူ ၃၉၀၀၀ ကျော်ရှိသည့်အနက် ၂၅၀၀၀ ကျော်သာ မဲလာပေးတယ်လို့ သိရပါတယ်။
ဒါဟာလည်း နိုဝင်ဘာလ ထဲမှာလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် တောင်ယာလယ်လုပ်တဲ့ လက်လုပ်လက်စားတွေက တောင်ယာရိတ်သိမ်းချိန်မှာ မဲပေးဖို့ကို အဓိကထားမှာမဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် လဲချားမြို့နယ်မှာ ရခဲ့တဲ့ မဲရလာဒ်ကို ကြည့်ရင် လက်ရှိ အာဏာရပါတီအနေနဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်သင့်ပါတယ် ။ ဘယ်လိုပြင်ဆင်မလဲဆိုတာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းမြင့် နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ရဲ့ ရွှေ့မယ့်အကွက်ကို စောင့်ကြည့်နေရုံပဲရှိပါတော့တယ်။
The Fifth Wave News







0 comments:
Post a Comment