အင်ဒိုနီးရှားရေတပ်သည် ၎င်းတို့၏ စစ်သင်္ဘောအသစ်များတွင် VL MICA ဒုံးပျံအသစ်များ တပ်ဆင်သွားမည်ဖြစ်သည်။ ကမ္ဘာကျော် စစ်ဘက်သတင်းဌာနတစ်ခုဖြစ်သော Janes' Defence Weakly တွင် အဆိုပါသတင်းကို ဖော်ပြခဲ့ပြီး အင်ဒိုနီးရှား ရေတပ်မှလည်း အတည်ပြုပေးခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် ကျွန်းစုနိုင်ငံဖြစ်သောကြောင့် ရေတပ်အင်အားကို ပိုမိုအလေးပေး တိုးချဲ့လေ့ရှိသည်။ အင်ဒိုနီးရှားသည် အာဆီယံဒေသတွင်း အင်အားကြီးမားသော ရေတပ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ စစ်သင်္ဘောများသာမက ရေငုပ်သင်္ဘောကိုပင် ပြည်တွင်း၌ ကောင်းမွန်စွာ တည်ဆောက်နိုင်စွမ်းရှိသော ရေတပ်တစ်ခုဖြစ်သည်။
အင်ဒိုနီးရှားရေတပ်သည် ပိုမိုအင်အားတောင့်တင်းစေရန်အတွက် မျိုးဆက်သစ်ဖရီးဂိတ်သင်္ဘောများ တည်ဆောက်ရန် ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် DAMEN Shipbuilding နှင့် အင်ဒိုနီးရှား ပြည်တွင်းစစ်သင်္ဘောတည်ဆောက်ရေး PT PAL တို့ပူးပေါင်းကာ ဖရီးဂိတ်စစ်သင်္ဘောသစ်များကို တာဝန်ယူတည်ဆောက်ခဲ့သည်။ အဆိုပါစစ်သင်္ဘော အမျိုးအစားသစ်မှာ DAMEN လုပ်ငန်းစုမှ ဒီဇိုင်းရေးဆွဲသော SIGMA CLASS စစ်ရေယာဉ်ပေါ် အခြေခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားရေတပ်သည် အဆိုပါစစ်သင်္ဘော အတန်းအစားအား Martadinata Class ဟုအမည်ပေးခဲ့သည်။ စုစုပေါင်း စစ်ရေယာဉ်နှစ်စီး တည်ဆောက်ခဲ့ပြီး ဘက်စုံသုံးဖရီးဂိတ်များအဖြစ် အသုံးပြုနေပြီဖြစ်သည်။ ၎င်းစစ်ရေယာဉ်များ တည်ဆောက်ခဲ့စဉ်က လေကြောင်းရန်ကာကွယ်ရေးဒုံးပျံများ တပ်ဆင်ရန်နေရာ ပြုလုပ်ခဲ့သော်လည်း ဒုံးလက်နက်စနစ်များ တပ်ဆင်ထားခြင်းမရှိပေ။ ယခုအခါတွင် အဆိုပါနေရာလွတ်များ၌ VL MICA တာတို လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံစနစ် တပ်ဆင်ရန်အတွက် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
Vl MICA ဒုံးပျံစနစ်သည် ပြင်သစ်နိုင်ငံ MBDA မှ ထုတ်လုပ်သော တာတိုလေကြောင်းရန်ကာကွယ်ရေး ဒုံးပျံစနစ်ဖြစ်သည်။ အကွာအဝေး ကီလိုမီတာ ၂၀ အထိ ပစ်ခတ်နိုင်ပြီး စစ်သင်္ဘောနှင့် အခြားမိမိစစ်ရေယာဉ်များကို ထိရောက်သော အကွာအဝေးအတွင်း လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်သည်။ အမြင့်ပေ ၉ ကီလိုမီတာအထိ ပစ်ခတ်နိုင်သောကြောင့် အနိမ့်ပိုင်းတွင် ပျံသန်းလာသော ခရုဇ်ဒုံးပျံများအား တန်ပြန်ပစ်ချရန်အတွက် အဆင်ပြေလှသော ကာကွယ်ရေးစနစ်ဖြစ်သည်။ Martadinata Class ဖရီးဂိတ်တစ်စီးချင်းစီတွင် VL MICA ဒုံးပျံ ၁၂ စင်းအထိ ထည့်သွင်းတပ်ဆင်ထားနိုင်ပေသည်။
အင်ဒိုနီးရှားရေတပ်သည် Martadinata Class (Sigma Class) ဖရီးဂိတ်စစ်သင်္ဘောများတွင် VL MICA ဒုံးပျံများ တပ်ဆင်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်သွားမည် ဖြစ်သည်။ သင်္ဘောကို ပူးပေါင်းတည်ဆောက်ပေးသည့် DAMEN ကုမ္ပဏီသည် ပြင်သစ် MBDA ကုမ္ပဏီအား သီးသန့်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပြီး ဒုံးပျံများကို ၂၀၁၉ ခုနှစ်တွင် စတင်တပ်ဆင်သွားနိုင်ဖွယ်ရှိသည်။
TheFifthWaveNews







0 comments:
Post a Comment