ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ ခရစ္စမတ်နေ့မှာ ပစ်ခတ်တိုက်ခတ်မှုကြောင့် ရွာသား ၆၀၀ ကျော် ထွက်ပြေးခဲ့ကြရပါတယ်။
သီပေါမြို့နယ် တွန်းကျိုးရွာအနီး ဒီဇင်ဘာ ၂၄ နဲ့ ၂၅ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ တွန်းကျိုင်းနဲ့ ဟိုနားရွာက ဒေသခံ ၆၀၀ လောက်ဟာ နားမခေါ် ဘုန်းကြီးကျောင်းကို ရောက်ရှိနေပြီလို့ နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ)က ကိုမျိုးက ပြောပါတယ်။
“အခု သူတို့ကတော့ နားမခေါ် ဘုန်းကြီးကျောင်းမှာတော့ ရောက်နေကြပြီလေ။ လူဦးရေ ဒီမနက်ကို ၆၀၀ ကျော်ရှိပြီ။ သူတို့က မနေ့က စပြီးတော့ သူတို့ထွက်လာတာပေါ့နော်။ အခု လောလောဆယ်ကတော့ သူတို့အတွက် စားသောက်ကုန်က အဓိက လိုအပ်မှာပါ။ လူဦးရေ များတာတဲ့အတွက်လေ။”
အဲဒီရွာတွေကနေ ထွက်ပြေးလာသူတချို့ မနေ့က တိုက်ပွဲကြားမှာ ခေတ္တပိတ်မိခဲ့ပြီး ညနေပိုင်းမှာတော့ ထွက်ပြေးလာနိုင်ခဲ့ကြတယ်လို့လည်း ကိုမျိုးက ပြောပါတယ်။
အခုတိုက်ပွဲဟာ SSPP/SSA ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကစပြီး ရှမ်းလက်နက်ကိုင်တပ်နှစ်ခု မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်ကလည်း ဟိုနားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၅၀၀ ကျော် ထွက်ပြေးခဲ့ကြရပါတယ်။
နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ)က ကိုမျိုးက “ကျနော်တို့အနေနဲ့ကတော့ ကျေးရွာတွေ ရဲ့ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲမဖြစ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ ရွာသူရွာသားတွေနဲ့လည်း ထိခိုက်ဆုံးရှုံးမှုတွေ မဖြစ်စေချင်ဘူး။ ဒီအချိန်က တောင်ယာသိမ်းတဲ့အချိန်၊ စပါး၊ ပြောင်းချိုးတဲ့ အချိန်ဆိုတော့ ဒီအချိန်မှာ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် အားလုံးလုပ်နေတဲ့အချိန်ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်နိုင်ရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းကြတာအကောင်းဆုံးပါပဲ”လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက် မနက်ကလည်း ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နဲ့ ၂၅ မိုင်ခန့်အကွာ စယ်ခန်ကျေးရွာအုပ်စု နားလော့ရွာမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွားလို့ ၄ တန်းကျောင်းသား ၁ ဦးအပါအ၀င် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းပြည်နယ်အပါအ၀င် စစ်တိုင်းဒေသကြီး ၅ ခုမှာ လေးလကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမယ်လို့ တပ်မတော်က ဒီဇင်ဘာ ၂၁ရက်က ကြေညာထားပြီး ရခိုင်ပြည်နယ် တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်နေသလို ရှမ်းပြည်နယ်ထဲမှာ တိုင်းရင်းသား တပ်ဖွဲ့တွေ အချင်းချင်း အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
DVB










No comments:
Post a Comment