စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး အင်ဂျင်နီယာပညာကို မသင်ကြားနိုင်သည်မှာ ၁၉၇၂ ကတည်း က ဖြစ်ကြောင်း အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒေါက်တာ မျိုးကြွယ်က ပြောသည်။
ဇန်နဝါရီလ ၂၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့ အစီအစဉ်တွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ၆ လတာ ကာလ ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက် အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ စိုက်ပျိုးရေး နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်ကို အထူးပြုအနေနဲ့ လေ့လာမှုမပြုခဲ့နိုင်တာဟာ ၁၉၇၂ ခုနှစ် ကနေ ယနေ့အချိန်ထိ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စိုက်ပျိုးရေးနိုင်ငံမှာ စိုက်ပျိုးရေးအင်ဂျင်နီယာ သင်ကြားရန် လိုအပ်လာပါတယ်။ ထို့အတူ အစားအသောက်ဆိုင်ရာ သိပ္ပံနဲ့ နည်းပညာ အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာပညာ စသဖြင့် ဘာသာရပ်များကို သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များမှာ တိုးချဲ့ဖွင့်လှစ်ပေးဖို့ အကြံပြုခဲ့ပါတယ်” ဟု ဒေါက်တာ မျိုးကြွယ် ကပြောသည်။
ရန်ုကုန်နည်းပညာတက္ကသိုလ်(ယခင်စက်မှုတက္ကသိုလ်)တွင် စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့ သင်တန်းကို ၁၉၆၂ ခုနှစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၁ - ၁၉၇၂ ပညာသင်နှစ်အထိ သင်ကြားပေးပြီး ၁၉၇၂ ခုနှစ်တွင် သင်ကြားမှုရပ်ဆိုင်းခဲ့ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် အစားအသောက်နှင့် သိပ္ပံနည်းပညာ၊ စိုက်ပျိုးရေး အင်ဂျင်နီယာပညာများ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်သင်ကြားနေပြီး ယင်းကျောင်းသားကျောင်းသူများသည် ၂၀၂၀-၂၁ တွင် ဘွဲ့ရရှိမည်ဖြစ်ကြောင်း သိရသည်။
Akon Thi







0 comments:
Post a Comment