Thursday, January 24, 2019

မတ် ၂၄ တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်


အထွေထွေရွေးကောက်ပွဲကို မတ် ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂၃ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 
စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေနည်းကျရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရကိုဖြုတ်ချခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲများကို ပထမဆုံးအကြိမ်ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲများကျင်းပခွင့်ပြုကြောင်း ထိုင်းနန်းတော်က အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ကော်မရှင်က အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 
စစ်တပ်သည် အာဏာသိမ်းခဲ့သည့် ၂၀၁၄ ခုနှစ် မေမှစ၍ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။ အစိုးရသစ်သည် ယခုနှစ်အလယ်ပိုင်းမှစ၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်ဖြစ်သလို စစ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ်လည်းတာဝန်ယူထားသည့် ပရာယွတ်ချန်အိုချာ၏ရုံးကလည်း ဇန်နဝါရီ ၂၃ ရက်တွင်ထုတ်ပြန်ခဲ့သည်။ 
ရွေးကောက်ပွဲကျင်းပခွင့်ပြုကြောင်း နန်းတော်သည် ယခုလအစောပိုင်းတွင် ပြန်တမ်းထုတ်ပြန်ခြင်းမပြုခဲ့သောကြောင့် ယခင်သတ်မှတ်ထားသည့် ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရွေးကောက်ပွဲကျင်းပနိုင်တော့မည်မဟုတ်ချေ။ ဘုရင်မဟာဝဇီရလောင်ကွန်း၏နန်းတက်ပွဲကို မေအစောပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း အစိုးရက ယခုလအစောပိုင်းတွင်ထုတ်ပြန်ထားပြီးဖြစ်သည်။ 
မတ် ၂၄ ရက် ရွေးကောက်ပွဲရက်သည် အားလုံးအတွက် အကျိုးရှိစေမည့် နေ့ရက်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အီသီပွန် ဘွန်ပါကွန်းကပြောဆိုခဲ့သည်။ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ထပ်မံရွှေ့ဆိုင်းခြင်းမပြုရန် စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတချို့သည် မကြာသေးမီလများအတွင်း မြို့တော် ဗန်ကောက်၌ ဆန္ဒထုတ်ဖော်ခဲ့ကြပြီးဖြစ်သည်။ စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်းရေးဆွဲမှုကို ကြီးကြပ်ခဲ့ပြီး လာမည့် ရွေးကောက်ခံအစိုးရများ၏လုပ်ပိုင်ခွင့်ကိုကန့်သတ်ရန် စီစဉ်ခဲ့ပြီးဖြစ်သည်။ အစိုးရသစ်သည် စစ်အစိုးရဆွဲသော နှစ် ၂၀ အမျိုးသားမဟာဗျူဟာစီမံကိန်းကို လိုက်နာရမည်ဖြစ်သည်။ 
စစ်တပ်နှင့် ပတ်သက်မှုရှိသော ပါတီသစ်တချို့သည် လူထုတွေ့ဆုံပွဲနှင့် လူသူစုဆောင်းမှုများကို ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။ စစ်တပ်သည် ၎င်းတို့၏ခေါင်းဆောင် ပရာယွတ် ချန်အိုချာကို အရပ်သားခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး လက်ဝေခံပါတီတစ်ခုမှတစ်ဆင့် အုပ်ချုပ်ရန် အကွက်ချဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်အမတ်များကို စစ်အစိုးရက ခန့်အပ်သူများသာပါဝင်သော အမျိုးသားညီလာခံက ခန့်အပ်မည်ဖြစ်သည်။ 

The Myanmar Times

0 comments:

Post a Comment