ရုရှားနိုင်ငံ မက်ဂနီတိုဂို့စ်မြို့တွင် ဂက်စ်ပေါက်ကွဲမှုကြောင့် လူနေတိုက် အဆောက်အအုံတစ်လုံး တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီးနောက် ၃၆ နာရီနီးပါးအကြာ၌ ကလေးငယ်တစ်ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အပူချိန် အနုတ် ၂၀ ဒီဂရီ ဆဲစီးယပ်စ် ဝန်းကျင်၌ ရှိနေသည့် ဇန်နဝါရီ ၁ ရက်က ရုရှား ကယ်ဆယ်ရေးသမားများသည် ပြိုကျခဲ့သည့် အဆောက်အအုံ၏ အပျက်အစီးပုံထဲ၌ တူးဆွရှာဖွေမှုများ ပြုလုပ်နေစဉ် ကလေးငယ်အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၃၁ ရက် အရုဏ်တက်ချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း ထိုအဆောက်အအုံ၌နေထိုင်သူ ကိုးဦး သေဆုံးခဲ့ကာ ၃၂ ဦး စာရင်းပျောက်နေဆဲဖြစ်သည်။အသက်ရှင်လျက်တွေ့ရှိခဲ့သည့် ကလေးမှာ ၁၁ လသားအရွယ်ဖြစ်ပြီး အီဗန်ဖိုကင်ဟု အမည်ရသည်။ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အရိုးကျိုးအက်ပြီး ဦးခေါင်းဒဏ်ရာတစ်ခုရရှိထားကာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေသော ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်နေကြောင်း သိရသည်။
ကလေးငယ်၏အသက်ကိုကယ်ရန် အပြင်းအထန်ကြိုးပမ်းနေကြစဉ် ဇန်နဝါရီ ၁ ရက် နှောင်းပိုင်းက ၎င်းကို မော်စကိုသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ မြို့တော် မော်စကိုသို့ ရောက်ချိန်တွင်မူ ကလေး၏အခြေအနေမှာ တည်ငြိမ်သွားပြီဟု သိရသည်။
ကလေး၏အသက်ရှင်ရန် အလားအလာမှာ စိုးရိမ်စရာဖြစ်နေသော်လည်း ဖခင်ဖြစ်သူ ယီဂျီနီကမူ 'ဒါဟာနှစ်သစ်ရဲ့အံ့ဖွယ်တစ်ခုပါပဲ' ဟု ပြောကြားခဲ့သည်ဟု RT ရုပ်သံသို့ ပြောကြားခဲ့သည်။ အဆောက်အအုံ ပြိုကျမှုဖြစ်ပွားကြောင်း ကလေး၏မိခင်က ဖုန်းဆက်ပြောစဉ်က ဖခင်ဖြစ်သူမှာ အလုပ်တွင် ရှိနေသည်ဟု သိရသည်။ မိခင်ဖြစ်သူမှာမူ သုံးနှစ်အရွယ် သားအကြီးနှင့်အတူ အပျက်အစီးထဲမှ လွတ်မြောက်ခဲ့သည်။
အားကောင်းသော အပူပေးစက်များ၊ အလင်းရောင်များဖြင့် ထောက်ကူပေးထားသော ကယ်ဆယ်ရေးလုပ်ငန်းများကိုမူ ဇန်နဝါရီ ၂ ရက် ညပိုင်းအထိ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင် မတော်တဆဖြစ်ပွားခဲ့ရာနေရာသို့ ဇန်နဝါရီ ၁ ရက်က ရောက်လာခဲ့သည်ဟု သိရသည်။ ထို့ပြင် ပူတင်သည် ဒေသတွင်း ဆေးရုံတစ်ရုံ သို့ သွားခဲ့ကာ ဦးခေါင်းဒဏ်ရာ၊ အပျက်အစီး အောက်တွင် တစ်နာရီ ကြာနေခဲ့ရပြီးနောက် ခံစားခဲ့ရသည့် နှင်းကိုက်ဒဏ်ရာများရရှိထားသည့် အသက်၁၃ နှစ်အရွယ် ယောက်ျား လေးတစ်ဦးကိုလည်း အားပေးစကားပြောခဲ့သည်။ “မင်းက ဖိုက်တာတစ်ယောက်ပါ။ ပြန် ကောင်းလာမှာပါ” ဟု ပူတင်က ပြောခဲ့သည်။ အဆောက်အအုံပြိုကျမှုကြောင့် လူငါးဦး ဆေးရုံတက်ခဲ့ရသည်။
Eleven Media Group







0 comments:
Post a Comment