Wednesday, January 2, 2019

အမြဲသတိရှိရန်လိုသော ရခိုင်အရေး အကျပ်အတည်း

ရခိုင်အရေးသည် မြန်မာနိုင်ငံအတွက် ကြီးမားသော ဒုက္ခသုက္ခများကို ဖြစ်စေသည်။ စီးပွားရေးအရ နာလန်ထရန် ရုန်းကန်နေချိန်တွင် ရခိုင်အရေးကြောင့် တိုင်းပြည်သို့ ဝင်ရောက်မည့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ နောက်တွန့်သွားကြသည်။ ထို့ကြောင့် တိုင်းပြည် စီးပွားရေးသည် ထင်သလိုမဖြစ်ဘဲ အကျပ်အတည်းများနှင့် ရင်ဆိုင်ရသည်ဟု ဆိုကြသည်။ သို့သော် ရခိုင်အရေးအပေါ် အခြေပြုကာ မြန်မာနိုင်ငံအတွက် အဓိက စိုးရိမ်စရာကောင်းသော အကြောင်းခြင်းရာမှာ နိုင်ငံ၏ အချုပ်အခြာအာဏာပင် ဖြစ်နေသည်။ ကုလ၏ မမျှမတ ဆုံးဖြတ်မှုများ အနောက်နိုင်ငံများ၏ နည်းပရိယာယ်အမျိုးမျိုးနှင့် အကွက်ရွှေ့လိုမှုများ အကြားတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဖြင့် လုံးချာလိုက်နေသော နိုင်ငံမှာ အခြေအနေဆိုးများဖြင့်လည်း ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ရှုမြင်မှုများ ရှိလာသည်။ 
လက်ရှိအချိန်တွင် ရခိုင်အရေးနှင့် ပတ်သက်လျှင် မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံတကာ၏ ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်တပ်ထိပ်တန်း ခေါင်းဆောင်အချို့မှာလည်း ICC ဖြင့် ခြိမ်းခြောက်ခံရခြင်းအပြင် အခြားသော ထောင်ချောက်များနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ ICC ၏ အတိမ်အနက်၊ အလေးအပေါ့ စသည့် အခြေအနေမှာ အငြင်းပွားဖွယ် အကြောင်းအချက်များ ရှိသည်မှာ အမှန်ဖြစ်သော်လည်း ရခိုင်အရေးနှင့် ပတ်သက်လျှင် မြန်မာအပေါ် တရားမျှတမှု မရှိသော ခြိမ်းခြောက် အနိုင်ကျင့် တောင်းဆိုမှုများသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုပါ ထိပါးရာရောက်စေသည့် အချက်ကို အလေးအနက် စဉ်းစားရန် လိုနေပေသည်။ ထို့ပြင် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံများ၊ ဗြိတိန်ဦးဆောင်သည့် အနောက်နိုင်ငံအချို့ နှင့် ကုလသမဂ္ဂတို့သည် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် အခက်အခဲဖြစ်စေနိုင်သည့် ဖိအားပေးမှုများဖြင့် နိုင်ငံတည်ငြိမ်ရေး၊ လုံခြုံရေးအပေါ် ကြားဝင်စွက်ဖက် ခြိမ်းခြောက် အကျပ်ကိုင်မှုမျိုးကို ပုံဖော်လုပ်ဆောင်နေသကဲ့သို့ သံသယဖြစ်ဖွယ် တွေ့မြင်နေရ သည်။ 

ဘင်္ဂါလီအရေးကို အခြေပြုကာ နိုင်ငံတကာ၏ ကြီးမားသော ဖိအားများကို မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရချိန်တွင် ခြိမ်းခြောက်ခံရမှုများအတွက် ပြတ်သားစွာ တုံ့ပြန်တတ်ရန် အရေးကြီးပေသည်။ ICC ၏ အတိမ်အနက်သည် အလေးထားဂရုပြုရန် မလိုအပ်သော်လည်း တရားမျှတမှု မရှိသည့် တောင်းဆိုမှုများ ခြိမ်းခြောက် အကျပ်ကိုင်မှုများ တစိုက်မတ်မတ် ပြုလုပ်လာမှုများသည် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ အတွင်း တည်ရှိခဲ့သော နိုင်ငံ၏ အချုပ်အခြာ အာဏာအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာမည်ကို အများက စိုးရိမ်နေကြသည်။ ပြင်ပမှ မည်သည့်ထိန်းချုပ်မှု ပုံစံမျှမရှိဘဲ မိမိ၏ နယ်မြေပိုင်နက်အတွင်း မိမိ၏ ပြည်တွင်းရေးများနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အမြင့်ဆုံး အာဏာပိုင်ခွင့်ကို ကျင့်သုံးရန် နိုင်ငံတစ်နိုင်ငံ၏ အကြွင်းမဲ့အာဏာကို အချုပ်အခြာအာဏာဟု ခေါ်ဆိုသည်။ ထို့ကြောင့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံသည် မည်သည့် ပြင်ပသြဇာ သက်ရောက်မှုမျှ မပါဘဲ မိမိ၏ နယ်မြေအတွင်း ဥပဒေများကို ချမှတ်ကျင့်သုံးရန် အကြွင်းမဲ့ အာဏာရှိသည်။ 

ရခိုင်အရေးနှင့် ပတ်သက်လျှင် မည်သို့သော အခက်အခဲ အကျပ်အတည်းများပင် ရှိနေသော်လည်း မိမိတို့၏ အချုပ်အခြာ အာဏာအပေါ်သာ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်တည် စဉ်းစား လုပ်ဆောင်ကြရန် အရေးကြီးနေသည်မှာ အမှန်ပင်ဖြစ်သည်။ တိုက်ခိုက်မှုမျိုးစုံ ခံနေရသကဲ့သို့ ဆက်လက် ရှိလာနိုင်သော အကျပ်အတည်းများကိုလည်း ရင်ဆိုင်ဖြေရှင်းကြရန်သာ ပြင်ဆင်ကြရပေလိမ့်မည်။ ဘင်္ဂါလီအရေးကို ရှေ့တန်းတင်၍ နိုင်ငံအချုပ်အခြာအာဏာနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် ကျရောက်လာနိုင်သော ထိပါးမှုများနှင့် အန္တရာယ်ကို လေးနက်ပြတ်သားစွာ တုံ့ပြန်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။ 

(ဇန်နဝါရီ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်) 
Eleven Media Group

0 comments:

Post a Comment