ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသရှိ ရိုမန်ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျာင်းတစ်ခုတွင် တနင်္ဂနွေနေ့က ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိသွားကြောင်း သတင်းဌာနများ က ရေးသားဖော်ပြသည်။
အစ္စလာမ္မစ်အစွန်းရောက် စစ်သွေးကြွများ ခြေကုပ်ယူလှုပ်ရှားလျက်ရှိသည့် ဂျိုလိုကျွန်းရှိ ယင်းဘုရားရှိခိုးကျောင်းတွင် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲသို့ ခရစ်ယာန်ဘာသာဝင် အမြောက်အမြား တက်ရောက်ဆုတောင်းနေစဉ် ပထမဗုံးတစ်လုံး ဦးစွာပေါက်ကွဲခဲ့သည်။
ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုတိယချိန်ကိုက်ဗုံးကို ယင်းဘုရားကျောင်း၏ ကားပါကင်နေရာတွင် ဖောက်ခွဲပစ်လိုက်ကြသည်။
ဂျိုလိုကျွန်းရှိ မွတ်ဆလင်အများစု နေထိုင်ရာဒေသ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိနိုင်ရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြုလုပ်ပြီး ရက်ပိုင်းအတွင်း ယခုလို ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဗုံးခွဲတိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်။
ဗုံးဖောက်ခွဲတိုက်ခိုက်မှုအတွက် မည်သည့်လက်နက်ကိုင်အုပ်စုကမှ ၎င်းတို့ လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ သို့သော် ဂျိုလိုကျွန်းသည် အဘူဆေယက်အုပ်စုအပါအဝင် အစွန်းရောက်အစ္စလာမ္မစ် စစ်သွေးကြွများ ခြေကုပ်ယူ လှုပ်ရှားနေသည့် နေရာဖြစ်သည်။
ဖိလစ်ပိုင်အစိုးရအရာရှိများအဆိုအရ ယင်းဗုံးသည် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် Our Lady of Mount Carmel ဘုရားရှိခိုးကျောင်းအတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဒုတိယဗုံးမှာမူ ဘုရားရှိခိုးကျောင်း အဝင်ဝ လှေကားရင်းတွင် ပေါက်ကွဲသွားသည်ဟု ဆိုသည်။ ယင်းဖြစ်ရပ်ကြောင့် ထိခိုက်သေဆုံးသွားသူများမှာ အပြစ်မဲ့ အရပ်သားများဖြစ်ကြသည်။
လူမှုကွန်ရက်ပေါ် တက်လာသော ဓာတ်ပုံများတွင်မူ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဆိုပါဘုရားရှိခိုးကျောင်းကို ဖိလစ်ပိုင်တပ်သားများက ဝိုင်းရံထားသည်ကို တွေ့ရသည်။ ဒဏ်ရာရရှိသွားသူများကို သက်ဆိုင်ရာအာဏာပိုင်များက ဇမ်ဘိုဂါနာမြို့ရှိ ဆေးရုံသို့ တင်ပို့ပေးလိုက်ကြောင်း သတင်းများက ဆိုသည်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင်လိုရန်ဇာက ယခုလုပ်ရပ်သည် သူရဲဘောကြောင်လွန်းလှသည့် လုပ်ရပ်ဖြစ်သည်ဟု ပြစ်တင်ဝေဖန်လိုက်သည်။
“ယခုဖြစ်ရပ်ကို နောက်ကွယ်က လုပ်ကြံဖန်တီးခဲ့တဲ့သူတွေ မှန်သမျှကို အပြစ်ပေးအရေးယူနိုင်ဖို့ ကျွန်တော်တို့ ဥပဒေကြောင်းအရ အပြည့်အဝလုပ်ကိုင် သွားမှာပါ”ဟု ၎င်းက ဆိုသည်။
The Voice

No comments:
Post a Comment